“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”



‘မြို့တော်ဝန်၏ စီမံဆောင်ရွက်မှုကြောင့် မင်္ဂလာဈေးကြီး မီးလောင်သွားခဲ့ရာမှ ယခင်ထက် ပိုမိုကောင်းမွန်လာ တော့မည်’

ဆိုတဲ့ သတင်းခေါင်းစဉ်ကို မကြာသေးခင်အချိန်က ကျွန်တော်ဖတ်ခဲ့ရပါတယ်။ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။ မြို့တော်ဝန်အတွက်စိတ်မကောင်းခြင်းမဟုတ်ဘဲ အဲဒီသတင်းခေါင်းစဉ်ကို ရေးသားတဲ့ သတင်းသမားအတွက် စိတ်မကောင်းခြင်းဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီသတင်းသမားဟာ ‘မြန်မာဝါကျကို မှန်ကန်အောင်မဖွဲ့နိုင်ရှာပါလား’ ဆိုတဲ့အတွေး ဝင်လာလို့ ဖြစ်ပါတယ်။

ပုံနှိပ်မီဒီယာတွေသာမက ရုပ်သံမီဒီယာတွေမှာလည်း မြန်မာဝါကျဖွဲ့ရာမှာ အထက်ကအမှားမျိုးတွေ မှားနေ ကြောင်း တွေ့ရပါတယ်။ မြန်မာဘာသာစကားရေးထုံးဆိုင်ရာနဲ့ပတ်သက်လို့ မီဒီယာတွေမှာ မှားလေ့ရှိတဲ့အမှား နှစ်မျိုးရှိပါတယ်။ ပထမ အမှားက သတ်ပုံအမှားဖြစ်ပါတယ်။ ဒုတိယအမှားက ဝါကျဖွဲ့ထုံးအမှားဖြစ်ပါတယ်။ သတ်ပုံအမှားနဲ့ပတ်သက်လို့ မှားလေ့မှားထရှိတဲ့ ရေးထုံးသတ်ပုံတွေအကြောင်းကို ကျွန်တော် တော်တော် များများ ရေးခဲ့ပါတယ်။ အထက်က ဖော်ပြခဲ့တဲ့ ဝါကျဖွဲ့ထုံးအမှားမျိုးကို တွေ့ရတဲ့အခါ မြန်မာဝါကျဖွဲ့ထုံးနဲ့ ပတ်သက်လို့ ကျွန်တော်လေ့လာဖူးသမျှကို ပြန်ရေးပြလိုစိတ် ပေါ်ပေါက်လာတဲ့အတွက် အခုစာကို ရေးပါတယ်။

မြန်မာဝါကျဖွဲ့တဲ့နေရာမှာ ဆိုလိုတဲ့အနက်သက်ရောက်ဖို့အတွက် ‘မှန်ကန်’၊ ‘ရှင်းလင်း’၊ ‘တိကျ’၊ ‘ကျစ်လျစ်’၊ ‘ပြေပြစ်’ ရမယ်လို့ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) က လမ်းညွှန်ထားပါတယ်။ အထက်ပါလမ်းညွှန်ချက်တွေ အနက် ‘မှန်ကန်’ ဆိုတဲ့အချက်ကို ဦးစွာပြောလိုပါတယ်။

အောက်မှာပြထားတဲ့ဝါကျကို ကြည့်ပါ။

‘ပေ ၆၀၀၀ မြင့်သော ပန်းသီးပင်များ စမ်းသပ်စိုက်ပျိုးရန် တောင်တန်းတစ်ခုကို စိုက်ပျိုးရေးသုတေသနအဖွဲ့က ရှာဖွေနေပါသည်။’

အဲဒီဝါကျမှာ ဝါကျဖွဲ့သူ ပြောလိုတာက “ပန်းသီးပင်တွေစမ်းသပ်စိုက်ပျိုးဖို့ ပေ ၆၀၀၀ မြင့်တဲ့တောင်တန်းကို စိုက်ပျိုးရေးအဖွဲ့က ရှာနေတယ်” ဆိုတဲ့အနက်ဖြစ်ပါတယ်။ ဒါပေမယ့် “ပေ ၆၀၀၀ မြင့်သော” ဆိုတဲ့ နာမဝိသေသနပုဒ် (နာမ်ကိုအထူးပြုတဲ့ပုဒ်/ စကားလုံး) ကို သူနဲ့သက်ဆိုင်တဲ့နာမ် (အမည်) “တောင်တန်း” နဲ့ ကပ်မရေးဘဲ သူနဲ့မသက်ဆိုင်တဲ့နာမ် “ပန်းသီးပင်များ” နဲ့ ကပ်ရေးလိုက်တဲ့အခါ ဝါကျရဲ့အနက်ဟာ ဆိုလိုရင်း ကို မရောက်တော့ဘဲ “ပေ ၆၀၀၀ မြင့်တဲ့ပန်းသီးပင်တွေစမ်းသပ်စိုက်ပျိုးဖို့ တောင်တန်းကို စိုက်ပျိုးရေးအဖွဲ့က ရှာနေတယ်” ဆိုတဲ့အနက် သက်ရောက်သွားပါတယ်။

မြန်မာဝါကျဖွဲ့ရာမှာ နာမဝိသေသနနဲ့သက်ဆိုင်တဲ့ သဒ္ဒါစည်းမျဉ်းရှိပါတယ်။ “နာမဝိသေသနကို နာမ်နဲ့ ကပ်ရေးပါ” ဆိုတဲ့စည်းမျဉ်းဖြစ်ပါတယ်။ အထက်ကဝါကျကို ပြန်ကြည့်ပါ။ နာမဝိသေသနဖြစ်တဲ့ “ပေ ၆၀၀၀ မြင့်သော” ကို နာမ်ဖြစ်တဲ့ “ပန်းသီးပင်များ” နဲ့ကပ်ရေးထားတာဖြစ်တဲ့အတွက် သဒ္ဒါစည်းမျဉ်းအတိုင်း ဖွဲ့တယ်လို့ ဆိုစရာရှိပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာနာမဝိသေသနကို သက်ဆိုင်ရာနာမ်နဲ့ ကပ်မရေးတဲ့အတွက် ဆိုလိုတဲ့အနက် မသက်ရောက်တော့တာ ဖြစ်ပါတယ်။

အဲဒီဝါကျကို -

“ပန်းသီးပင်များစမ်းသပ်စိုက်ပျိုးရန် ပေ ၆၀၀၀ မြင့်သော တောင်တန်းတစ်ခုကို စိုက်ပျိုးရေးအဖွဲ့က ရှာဖွေနေ ပါသည်။” လို့ ရေးလိုက်တဲ့အခါ အနက်ထွေပြားစရာအကြောင်း မရှိတော့ပါဘူး။

အောက်မှာ ပြထားတဲ့ဝါကျကို ကြည့်ပါဦး။

“ဆရာကြီးက တစ်နှစ်ပတ်လုံး မှန်မှန်ကြိုးစားသောကြောင့် စာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်သည့် မောင်မောင့်ကို ချီးကျူးသည်။”

အဲဒီဝါကျမှာ ဝါကျဖွဲ့သူ ပြောလိုတာက “တစ်နှစ်ပတ်လုံး စာမှန်မှန်ကြိုးစားတဲ့အတွက် စာမေးပွဲကို ဂုဏ်ထူးနဲ့ အောင်တဲ့မောင်မောင့်ကို ဆရာကြီက ချီးကျူးတယ်” ဆိုတဲ့အနက်ပါ။ ဒါပေမယ့် ကတ္တားပုဒ် (ချီကျူးသူ/ ပြုလုပ်သူ) ဖြစ်တဲ့ “ဆရာကြီး” ကို သူနဲ့သက်ဆိုင်တဲ့ ကြိယာပုဒ် (ပြုခြင်း/ ဖြစ်ခြင်း/ ရှိခြင်းပြ စကားလုံး) “ချီးကျူးသည်” နဲ့ ကပ်မရေးဘဲ ဝါကျရဲ့ရှေ့ဆုံးမှာ ထားရေးလိုက်တဲ့အခါ ဝါကျရဲ့အနက်ဟာ ဆိုလိုရင်းကို မရောက်တော့ဘဲ “ဆရာကြီးကပဲ တစ်နှစ်ပတ်လုံး စာမှန်မှန်ကြိုးစားသလိုလို” ဆိုတဲ့အနက် သက်ရောက်သွား ပါတယ်။

ဖော်ပြပါဝါကျကို -

“တစ်နှစ်ပတ်လုံး မှန်မှန်ကြိုးစားသောကြောင့် စာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်သည့် မောင်မောင့်ကို ဆရာကြီးက ချီးကျူးသည်။”

လို့ ရေးလိုက်တဲ့အခါ အနက်ထွေပြားစရာအကြောင်း မရှိတော့ပါဘူး။

ဒါကြောင့် “မြန်မာသဒ္ဒါကျမ်း” စာမျက်နှာ ၃၃၉ မှာ -

“(က) ကတ္တားကို ဝါကျ၏အစ၌ဖြစ်စေ၊ ကြိယာ၏ရှေ့၌ဖြစ်စေ ထားလေ့ရှိသည်။”

“(ခ) ကတ္တားသည် အခြားပုဒ်များကြောင့် ကြိယာနှင့် ကွာလှမ်းသောအခါ ဆိုလိုသည့်အဓိပ္ပာယ်သို့ မရောက်ဘဲ လွဲမှားသွားတတ်သည်။ ယင်းသို့သောဝါကျမျိုးတွင် ကတ္တားကို ကြိယာနှင့် နီးကပ်စွာထားရသည်။”

လို့ လမ်းညွှန်ထားတာဖြစ်ပါတယ်။

ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ဝါကျဟာလည်း ကျွန်တော်သာဓကပြခဲ့တဲ့ ဝါကျတွေလိုပဲဖြစ်ပါတယ်။ အဲဒီဝါကျကို ပြန်ကြည့်ပါ။

‘မြို့တော်ဝန်၏ စီမံဆောင်ရွက်မှုကြောင့် မင်္ဂလာဈေးကြီး မီးလောင်သွားခဲ့ရာမှ ယခင်ထက် ပိုမိုကောင်းမွန်လာ တော့မည်’

အဲဒီဝါကျမှာ ဝါကျဖွဲ့သူ ပြောလိုတာက ‘မင်္ဂလာဈေးကြီး မီးလောင်သွားပြီးနောက် မြို့တော်ဝန်ရဲ့ စီမံဆောင်ရွက်မှု တွေကြောင့် အရင်ကထက် ပိုမိုကောင်းမွန်လာတော့မယ်’ ဆိုတဲ့အနက် ဖြစ်ပါတယ်။ ဒါပေမဲ့ ‘မြို့တော်ဝန်၏ စီမံဆောင်ရွက်မှုကြောင့်’ ဆိုတဲ့ ‘အကြောင်းပြပုဒ်’ ကို သူနဲ့သက်ဆိုင်တဲ့ ‘ယခင်ကထက်ပိုမိုကောင်းမွန်’ ဆိုတဲ့ ကြိယာပုဒ်နဲ့ ကပ်မရေးဘဲ မသက်ဆိုင်တဲ့ ‘မင်္ဂလာဈေးကြီးမီးလောင်’ ဆိုတဲ့ ပုဒ်နဲ့ ကပ်ရေးလိုက်တဲ့အတွက် မင်္ဂလာဈေးကြီးမီးလောင်သွားရခြင်းဟာ မြို့တော်ဝန်ရဲ့ စီမံဆောင်ရွက်မှုကြောင့်လိုလို ဆိုတဲ့အနက် သက်ရောက် သွားပါတယ်။

အဲဒီဝါကျကို -

‘မင်္ဂလာဈေးကြီး မီးလောင်သွားခဲ့ရာမှ မြို့တော်ဝန်၏ စီမံဆောင်ရွက်မှုကြောင့် ယခင်ကထက် ပိုမိုကောင်းမွန် လာတော့မည်’

လို့ သက်ဆိုင်ရာချင်း ကပ်ရေးလိုက်တဲ့အခါ အနက်ထွေပြားစရာအကြောင်း မရှိတော့ပါဘူး။

အထက်က သာဓကဝါကျတွေအရ မြန်မာဝါကျကို မှန်ကန်အောင် ဖွဲ့နိုင်ဖို့အတွက် ပုဒ်အထားအသို အရေးကြီး ကြောင်း ထင်ရှားလောက်ပါပြီ။ ဒါဆိုရင် “ဝါကျထဲမှာ ပုဒ်အထားအသိုမှန်မှန်ကန်ကန်ရေးနိုင်အောင် ဘာတွေ သိထားသင့်ပါသလဲ” ဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ အဲဒီမေးခွန်းကို ပြန်ဖြေပေးရမယ်ဆိုရင်တော့ ဝါကျထဲမှာ ပုဒ်အထားအသို မှန်မှန်ကန်ကန်ရေးနိုင်အောင် “သက်ဆိုင်ရာ သက်ဆိုင်ရာချင်း နီးနီးကပ်ကပ်ထားပါ” ဆိုတဲ့အဖြေကို ပေးရမှာဖြစ်ပါတယ်။ ဒါဆိုရင် နီးနီးကပ်ကပ်ထားနိုင်ဖို့ သက်ဆိုင်ရာ သက်ဆိုင်ရာ ဆိုတာတွေကို သိဖို့ လိုအပ်လာပါတယ်။ သက်ဆိုင်ရာ သက်ဆိုင်ရာတွေကတော့ -

(၁) - နာမဝိသေသန (နာမ်ကို အထူးပြုတဲ့ပုဒ်/ စကားလုံး) နဲ့ နာမ် (အမည်)

(၂) - ကြိယာဝိသေသန (ကြိယာကို အထူးပြုတဲ့ပုဒ်/ စကားလုံး) နဲ့ ကြိယာ (ပြုခြင်း/ ဖြစ်ခြင်း/ ရှိခြင်းကို ပြတဲ့ပုဒ်/ စကားလုံး)

(၃) - နာမ် (ပြုလုပ်သူ/ ကတ္တား) နဲ့ ကြိယာ

(၄) - နာမ် (ပြုလုပ်ခံရသူ / ကံ) နဲ့ ကြိယာ

တို့ ဖြစ်ပါတယ်။

သက်ဆိုင်ရာ သက်ဆိုင်ရာချင်း ဘယ်လိုနီးနီးကပ်ကပ်ထားရမယ်ဆိုတာကို ဆက်ရေးပါဦးမယ်ခင်ဗျာ။

ကိုယ့်လူမျိုးဘာသာစကား၊ ကိုယ့်လူမျိုးစာပေကို မှန်မှန်ကန်ကန် သုံးနိုင်ပါစေဗျာ။

ကျမ်းကိုးစာရင်း
--------------------

၁။ မြန်မာသဒ္ဒါ၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

၂။ ပြည်သူ့အတွက် မြန်မာစကားပြေ၊ မောင်ခင်မင်(ဓနုဖြူ)၊ ဒုတိယအကြိမ်၊ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ၊ ကံ့ကော်ဝတ်ရည်စာပေ။၁။ မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

၃။ ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင်(ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။

၄။ လူငယ်တွေမေးကြတဲ့ ထွေထွေရာရာမြန်မာစာ၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ။

၅။ မြန်မာစာ မြန်မာစကားဝိုင်း၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ။

Comments

Post a Comment

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း