မြန်မာဘာသာစကားတွင်ရှိသော သင်္ချာပစ္စည်းများအကြောင်း

မြန်မာဘာသာစကားတွင်ရှိသော သင်္ချာပစ္စည်းများအကြောင်း
—————————————————————————

မြန်မာဘာသာစကားမှာရှိတဲ့ နာမ်၊ နာမ်စားတွေရဲ့အနက်ကို ထူးခြားလေးနက်အောင်ဆောင်ရွက်ပေးတဲ့ နာမ်ထောက်ပစ္စည်းတွေအကြောင်းကို ကျွန်တော်ရေးခဲ့ပါတယ်။ နာမ်ထောက်ပစ္စည်းတွေဟာ မြန်မာဘာသာစကားမှာရှိတဲ့ နာမ်ပစ္စည်း (၉) မျိုးအနက် တစ်မျိုးဖြစ်ပါတယ်။ မြန်မာဘာသာစကားမှာရှိတဲ့ နာမ်ပစ္စည်း (၉) မျိုးကတော့ -

၁။ မျိုးပြပစ္စည်း
၂။ လိင်ညွှန်းပစ္စည်း
၃။ ကိန်းညွှန်းပစ္စည်း
၄။ သင်္ချာပစ္စည်း
၅။ နာမ်ထောက်ပစ္စည်း
၆။ ဥပမာပစ္စည်း
၇။ ရူပကပစ္စည်း
၈။ အာလုပ်ပစ္စည်း
၉။ ဝိစၧာပစ္စည်း

တို့ဖြစ်ပါတယ်။

အဲဒီအထဲက သင်္ချာပစ္စည်းများအကြောင်းကို ရေးချင်ပါတယ်။

မြန်မာဘာသာစကားမှာ အရေအတွက်ကိုဖော်ပြလိုတဲ့အခါ သင်္ချာကိန်းဂဏန်းတွေကို သုံးရပါတယ်။ အဲဒီ သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်သွားအောင် ဆောင်ရွက်ပေးနိုင်တဲ့ နာမ်ပစ္စည်းကို သင်္ချာပစ္စည်းလို့ ခေါ်ပါတယ်။

ဥပမာ -

“အရာကျသမ္မတကြီး၏မိန့်ကြားချက်အရ အစိုးရဝန်ထမ်းသည် ငွေကျပ် ၃၀၀၀၀၀ လာဘ်စားနိုင်ကြောင်း တွေ့ရှိရပါသည်။”

“အရာကျသမ္မတကြီး၏မိန့်ကြားချက်အရ အစိုးရဝန်ထမ်းသည် ငွေကျပ် ၃၀၀၀၀၀ တိတိ လာဘ်စားနိုင်ကြောင်း တွေ့ရှိရသည်။”

ဆိုတဲ့ဝါကျနှစ်ခုကို ကြည့်ပါ။ ပထမဝါကျမှာ ငွေကျပ် ၃၀၀၀၀၀ လာဘ်စားနိုင်ကြောင်း သာမန်မျှပေါ်လွင်နေပြီး ဒုတိယဝါကျမှာတော့ ငွေကျပ် ၃၀၀၀၀၀ ဟာ အတိအကျ အပိုအလိုမရှိဖြစ်ကြောင်း၊ အဲဒီလို အတိအကျ အပိုအလို မရှိတဲ့ ငွေကျပ် ၃၀၀၀၀၀ ကို လာဘ်အဖြစ် စားနိုင်ကြောင်း ပေါ်လွင်နေပါတယ်။

ဒုတိယဝါကျမှာ ပါဝင်တဲ့ငွေကျပ် ၃၀၀၀၀၀ ဟာ အပိုအလိုမရှိ အတိအကျဖြစ်ကြောင်းကို “တိတိ” ဆိုတဲ့ စကားလုံးက ဖော်ပြပေးနေပါတယ်။ အဲဒီလို ဖော်ပြပြီး ၃၀၀၀၀၀ ဆိုတဲ့ သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် လုပ်ပေးနိုင်လို့ “တိတိ” ကို သင်္ချာပစ္စည်းလို့ခေါ်ခြင်းဖြစ်ပါတယ်။

မြန်မာဘာသာစကားမှာ သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူခြားလေးနက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ သင်္ချာပစ္စည်း (၄) မျိုးရှိပါတယ်။ အဲဒါတွေက -

၁။ သင်္ချာလေးနက်ပစ္စည်း
၂။ ပမာဏပြပစ္စည်း
၃။ အကြိမ်ပြပစ္စည်း
၄။ အစဉ်ပြပစ္စည်း

တို့ဖြစ်ပါတယ်။

သင်္ချာလေးနက်ပစ္စည်းကို မြန်မာသဒ္ဒါကျမ်း၊ စာမျက်နှာ (၁၄၂) မှာ -

သင်္ချာလေးနက်ပစ္စည်း ။ ။ အရေအတွက်ကိုအတိအကျပြခြင်းဖြင့် လေးနက်စေသောပစ္စည်းကို သင်္ချာလေးနက်ပစ္စည်း ဟုခေါ်သည်။

လို့ အနက်ဖွင့်ထားပါတယ်။

မြန်မာဘာသာစကားမှာရှိတဲ့ သင်္ချာလေးနက်ပစ္စည်းတွေက “တိတိ၊ ကျ၊ စီ၊ ကျစီ၊ လုံး၊ စလုံး၊ တည်း၊ လျှင်” တို့ဖြစ်ပါတယ်။

“တိတိ” ဟာ အပိုအလိုမရှိ အတိအကျဖြစ်ကြောင်း ပြပြီး သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးပါတယ်။

ဥပမာ -

“အရာကျသမ္မတကြီးသည် လစာ ကျပ် သိန်း ၅၀ တိတိ ယူထားသော်လည်း နိုင်ငံအတွင်းရှိ အလုပ်သမားတို့၏ အနိမ့်ဆုံး လုပ်ခလစာကိုပင် သတ်မှတ်ပေးနိုင်သောအရည်အချင်းမရှိချေ။”

ဆိုတဲ့ဝါကျကို ကြည့်ပါ။

အရာကျသမ္မတကြီးရရှိတဲ့ လစာ ကျပ်သိန်း ၅၀ ဟာ အပိုအလိုမရှိ အတိအကျဖြစ်ကြောင်းကို “တိတိ” ကဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး သိန်း ၅၀ ဆိုတဲ့ သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

“ကျ၊ စီ၊ ကျစီ” ဟာ အညီအမျှခွဲဝေကြောင်း ပြပြီး သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးပါတယ်။

ဥပမာ -

(၁) “မြန်မာ့စစ်ဗိုလ်ချုပ်များသည် မြေဧက ၁၀၀၀ ကျ ပိုင်ဆိုင်ကြလေသည်။”

(၂) “နိုင်ငံတော်ရှိ မြေပေါ်မြေအောက်သယံဇာတများကို ဦးပိုင်နှင့် ခရိုနီများက ၅၀ ရာခိုင်နှုန်း စီ ခွဲဝေယူငင်သုံးစွဲပစ်ကြချေပြီ။”

(၃) “မန္တလေးမြို့အတွင်းသို့ဝင်လာသော ယာဉ်များအနက် မန္တလေးတိုင်းဒေသကြီးအတွင်းမှတ်ပုံတင်မထားသော ယာဉ်များသည် မြို့ဝင်ကြေးအဖြစ် ငွေကျပ် ၂၀၀၀ ကျစီ ပေးဆောင်ရမည်ဟူသောသတ်မှတ်ချက်ကို မြို့နေလူထုက မကျေနပ်ကြချေ။

ဆိုတဲ့ဝါကျတွေကိုကြည့်ပါ။

ဝါကျ (၁) မှာ မြန်မာ့စစ်ဗိုလ်ချုပ်တွေဟာ မြေဧက ၁၀၀၀ စီ အညီအမျှပိုင်ဆိုင်ကြကြောင်းကို “ကျ” က ဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး ၁၀၀၀ ဆိုတဲ့ သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

ဝါကျ (၂) မှာ ဦးပိုင်နှင့် ခရိုနီများက နိုင်ငံတော်ရှိမြေပေါ်မြေအောက်သယံဇာတများကို ၅၀ ရာခိုင်နှုန်းစီ အညီအမျှခွဲဝေယူငင်သုံးစွဲကြကြောင်းကို “စီ” က ဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး ၅၀ ဆိုတဲ့ သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

ဝါကျ (၃) မှာ မန္တလေးတိုင်းဒေသကြီးအတွင်း မှတ်ပုံတင်မထားသော ယာဉ်များသည် မြို့ဝင်ကြေး ၂၀၀၀ အညီအမျှ ပေးဆောင်ရမည်ဖြစ်ကြောင်းကို “ကျစီ” က ဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး ၂၀၀၀ ဆိုတဲ့ သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

“လုံး၊ စလုံး” ဟာ တစ်စုတစ်လုံးတည်းရှိကြောင်းပြပြီး သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးပါတယ်။

ဥပမာ -

(၁) “ဦးနေဝင်းနှင့် ဦးသန်းရွေှတို့ နှစ်ဦး လုံး နိုင်ငံကို စနစ်တကျဖျက်ဆီးခဲ့သူများဖြစ်လေသည်။”

(၂) “နိုင်ငံကို စနစ်တကျဖျက်ဆီးခဲ့သူများစာရင်းတွင် ဦးနေဝင်းနှင့် ဦးသန်းရွေှတို့ နှစ်ဦး စလုံး ကို ထည့်သွင်းရမည်။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ဝါကျ (၁) နဲ့ (၂) မှာ ဦးနေဝင်း နဲ့ ဦးသန်းရွေှတို့ နှစ်ဦးဟာ တစ်စုတစ်လုံးတည်းဖြစ်ကြောင်းကို “လုံး” နဲ့ “စလုံး” က ဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး “နှစ်” ဆိုတဲ့သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

“တည်း” ဟာ အရေအတွက်နည်းကြောင်း၊ ပိုင်းခြားကန့်သတ်ကြောင်းပြပြီး သင်္ချာကိန်းဂဏန်းတွေရဲ့ အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးပါတယ်။

ဥပမာ -

(၁) “အရာကျသမ္မတသည် သူ၏လစာကို သိန်း ၅၀ တည်း ရသည်ဟု အထင်ရှိနေသည်။”

(၂) “အထည်ချုပ်စက်ရုံမှ အလုပ်သမလေးသည် တစ်နေ့လျှင် လုပ်ခ ကျပ် ၁၅၀၀ တည်း ရရှာ၏။”

(၃) “သမ္မတအကြံပေးအဖွဲ့တွင် သူတစ်ယောက်တည်းသာ နိုင်ငံတကာအကြောင်းများကို သိသည်ဟု ဦးကိုကိုလှိုင် ထင်မှတ်နေရှာသည်။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ဝါကျ (၁) မှာ အရာကျသမ္မတဟာ လစာ သိန်း ၅၀ ရသည်ကို အရေအတွက်နည်းသည်ဟု အထင်ရှိနေကြောင်းကို “တည်း” ကဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး သိန်း ၅၀ ဆိုတဲ့ သင်္ချာကိန်းဂဏန်းရဲ့ အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

ဝါကျ (၂) မှာ အထည်ချုပ်စက်ရုံမှ အလုပ်သမလေး ရသောလုပ်ခ ကျပ် ၁၅၀၀ သည် အရေအတွက် နည်းကြောင်းကို “တည်း” ကဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး ၁၅၀၀ ဆိုတဲ့ သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

ဝါကျ (၃) မှာ သမ္မအအကြံပေးအဖွဲ့အနက် ဦးကိုကိုလှိုင် ကို ကန့်သတ်ပြကြောင်း “တည်း” က ဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး တစ် ဆိုတဲ့ သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

“လျှင်” ဟာ အချိုးနှုန်းကိုပြပြီး သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးပါတယ်။

ဥပမာ -

(၁) “နိုင်ငံသားတစ်ဦးလျှင် တစ်နေ့ ၂၀၀၀ ကျ သုံးစွဲပါဆိုသောစကားသည် နိုင်ငံတော်အဆင့်ဝန်ကြီးတစ်ဦး၏ နှုတ်မှ ထွက်ပေါ်လာခဲ့ရာ နိုင်ငံသားအားလုံး အံ့သြတကြီးဖြစ်ခဲ့ရလေသည်။”

(၂) “အလုပ်သမားတစ်ဦးလျှင် တစ်ရက်တာအတွက်လုပ်အားခ ၁၅၀၀ ကျပ်သာ ပေးနိုင်သည်ဟုဆိုခြင်းခံရသော နိုင်ငံသည် မြန်မာတစ်နိုင်ငံတည်းသာရှိမည်ဟု ထင်သည်။”

ဆိုတဲ့ဝါကျတွေကိုကြည့်ပါ။

ဝါကျ (၁) မှာ နိုင်ငံသားတစ်ဦးဟာ တစ်နေ့ကို ကျပ် ၂၀၀၀ သာ အချိုးကျသုံးစွဲရန် ပြေ ာဆိုကြောင်း “လျှင်” က ဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး တစ် ဆိုတဲ့ သင်္ချာကိန်းဂဏန်းရဲ့ အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

ဝါကျ (၂) မှာ အလုပ်သမားတစ်ဦးဟာ တစ်ရက်အတွက်လုပ်အားခ ၁၅၀၀ ကျပ်သာ အချိုးကျ ရရှိကြောင်းကို “လျှင်” က ဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး တစ် ဆိုတဲ့ သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

ပမာဏပြပစ္စည်းကို မြန်မာသဒ္ဒါကျမ်း စာမျက်နှာ (၁၄၃) မှာ -

ပမာဏပြပစ္စည်း ။ ။ အရေအတွက်ကို ခန့်မှန်းပြခြင်းဖြင့် လေးနက်စေသောပစ္စည်းကို ပမာဏပြပစ္စည်းဟု ခေါ်သည်။”

လို့ အနက်ဖွင့်ထားပါတယ်။

မြန်မာဘာသာစကားမှာရှိတဲ့ ပမာဏပြပစ္စည်းတွေက “ကျော်၊ ခန့်၊ လောက်” တို့ ဖြစ်ပါတယ်။

“ကျော်” က ဖော်ပြထားတဲ့ အရေအတွက်ထက် အနည်းငယ်ပိုလွန်ကြောင်းကို ဖော်ပြပြီး သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးပါတယ်။

ဥပမာ -

(၁) “အင်အားခိုင်မာတောင့်တင်းပါသည်ဆိုသော မြန်မာ့စစ်တပ်သည် လူအင်အား ၃၀၀၀ ကျော် သာရှိသော ကိုးကန့်တပ်ကို မနိုင်သေးချေ။”

(၂) “ဤဒေသရှိ မြေဧက ၁၀၀၀၀ ကျော်ကို စစ်တပ်က သိမ်းပြီးပြီ။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ဝါကျ (၁) မှာ ကိုးကန့်တပ်ဟာ လူအင်အား ၃၀၀၀ ထက် အနည်းငယ်ပိုလွန်ကြောင်းကို “ကျော်” က ဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး ၃၀၀၀ ဆိုတဲ့ သင်္ချာကိန်းဂဏန်းရဲ့ အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

ဝါကျ (၂) မှာ စစ်တပ်က သိမ်းထားသော မြေမှာ ဧက ၁၀၀၀၀ ထက် အနည်းငယ်ပိုလွန်ကြောင်းကို “ကျော်” က ဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး ၁၀၀၀၀ ဆိုတဲ့ သင်္ချာကိန်းဂဏန်းရဲ့ အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

“ခန့်၊ လောက်” က အတိအကျမဟုတ်သော ခန့်မှန်းခြေအရေအတွက်ဖြစ်ကြောင်းကို ဖော်ပြပြီး သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးပါတယ်။

ဥပမာ -

(၁) “အမျိုးသားပညာရေးဥပဒေပြင်ဆင်ရန် ဆန္ဒဖော်ထုတ်ပွဲတွင် ကျောင်းသား ၁၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံရသည်။”

(၂) “ကျောင်းသား ၁၀၀ ခန့် ပြုလုပ်သော ဆန္ဒဖော်ထုတ်ပွဲကို ရဲအင်အား ၁၀၀၀ လောက်က ရိုက်နှက်ဖြိုခွင်းကြသည်။”

ဆိုတဲ့ဝါကျတွေကိုကြည့်ပါ။

ဝါကျ (၁) မှာ ဆန္ဒပြသည့်ကျောင်းသားအရေအတွက် (၁၀၀) ဟာ ခန့်မှန်းခြေအရေအတွက်ဖြစ်ကြောင်းကို “ခန့်” က ဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး ၁၀၀ ဆိုတဲ့ သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

ဝါကျ (၂) မှာ ဆန္ဒပြတဲ့ ကျောင်းသားအရေအတွက် (၁၀၀) နဲ့ ရိုက်နှက်ဖြိုခွင်းတဲ့ ရဲအင်အား (၁၀၀၀) ဟာ ခန့်မှန်းခြေအရေအတွက်ဖြစ်ကြောင်းကို “ခန့်” နဲ့ “လောက်” တို့က ဖော်ပြပေးနေပါတယ်။ အဲဒီလို ဖော်ပြပြီး ၁၀၀ နဲ့ ၁၀၀၀ ဆိုတဲ့ သင်္ချာကိန်းဂဏန်းတွေရဲ့ အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

အကြိမ်ပြပစ္စည်းကို မြန်မာသဒ္ဒါကျမ်း စာမျက်နှာ (၁၄၃) မှာ -

အကြိမ်ပြပစ္စည်း။ ။ အရေအတွက်၊ အကြိမ်အခါကို ပြသောပစ္စည်းကို အကြိမ်ပြပစ္စည်းဟုခေါ်သည်။

လို့ အနက်ဖွင့်ထားပါတယ်။

မြန်မာဘာသာစကားမှာရှိတဲ့ အကြိမ်ပြပစ္စည်းတွေက “ကြိမ်၊ ခါ၊ ခေါက်” တို့ ဖြစ်ပါတယ်။

“ကြိမ်၊ ခါ၊ ခေါက်” ဟာ အရေအတွက်၊ အကြိမ်အခါဖြစ်ကြောင်း ပြပြီး သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးပါတယ်။

ဥပမာ -

(၁) “အရာကျအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပြည်သူကိုစော်ကားသည့် အပြုအမူများကို တစ် ကြိမ် မက ပြုလုပ်ခဲ့ကြပြီးပြီ။”

(၂) “အရာကျပြန်ဝန်သည် ပြည်သူကို လိမ်လည်ခဲ့ခြင်းမှာ တစ် ခါ နှစ် ခါ မဟုတ်ချေ။”

(၃) “အရာကျေအစိုးရအဖွဲ့သည် ပြည်သူ့မျက်နှာကို တစ် ခေါက် မျှပင် မကြည့်ကြချေ။”

ဆိုတဲ့ဝါကျတွေကိုကြည့်ပါ။

ဝါကျ (၁) မှာ “တစ်” ဆိုတဲ့ သင်္ချာကိန်းဂဏန်းဟာ အရာကျအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြည်သူကိုစော်ကားသည့် အကြိမ်အခါဖြစ်ကြောင်း “ကြိမ်” က ဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

ဝါကျ (၂) မှာ တစ် နဲ့ နှစ် ဆိုတဲ့ သင်္ချာကိန်းဂဏန်းဟာ အရာကျပြန်ဝန်က ပြည်သူကို လိမ်လည်ခဲ့သည့် အရေအတွက် ဖြစ်ကြောင်း “ခါ” ကဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

ဝါကျ (၃) မှာ တစ် ဆိုတဲ့ သင်္ချာကိန်းဂဏန်းဟာ အရာကျအစိုးရက ပြည်သူ့မျက်နှာမကြည့်တဲ့အရေအတွက် ဖြစ်ကြောင်း “ခေါက်” က ဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

အစဉ်ပြပစ္စည်းကို မြန်မာသဒ္ဒါကျမ်း စာမျက်နှာ (၁၄၄) မှာ -

အစဉ်ပြပစ္စည်း။ ။ အစဉ်ကိုပြသောပစ္စည်းကို အစဉ်ပြပစ္စည်းဟုခေါ်သည်။

လို့ အနက်ဖွင့်ထားပါတယ်။

မြန်မာဘာသာစကားမှာရှိတဲ့ အစဉ်ပြပစ္စည်းက “မြောက်” ဖြစ်ပါတယ်။

“မြောက်” ဟာ ကိန်းအစဉ်ဖြစ်ကြောင်း ဖော်ပြပြီး သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးပါတယ်။

ဥပမာ -

(၁) “မြန်မာ့ဒီမိုကရေစီနိုင်ငံ၏ နှစ်ယောက်မြောက် သမ္မတအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတစ်ရပ်လုံးက တင်မြှောက်လိုကြသည်။”

(၂) “မြန်မာ့ဒီမိုကရေစီနိုင်ငံ၏ နှစ်ဖွဲ့မြောက် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံကို ဆင်းရဲတွင်းမှ ကယ်ထုတ်ပေးနိုင်လိမ့်မည်ဟု ပြည်သူတို့ မျှော်လင့်ထားကြသည်။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ဝါကျ (၁) မှာ နှစ် ဆိုတဲ့ သင်္ချာကိန်းဂဏန်းဟာ ကိန်းအစဉ်ဖြစ်ကြောင်းကို “မြောက်” က ဖော်ပြပေးနေပါယတ်။ အဲဒီလိုဖော်ပြပြီး သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

ဝါကျ (၂) မှာလည်း နှစ် ဆိုတဲ့ သင်္ချာကိန်းဂဏန်းဟာ ကိန်းအစဉ်ဖြစ်ကြောင်းကို “မြောက်” က ဖော်ပြပေးနေပါတယ်။ အဲဒီလိုဖော်ပြပြီး သင်္ချာကိန်းဂဏန်းရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။

နာမ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ သင်္ချာပစ္စည်းတွေအကြောင်းဟာ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ သင်္ချာပစ္စည်းတွေကို မှန်မှန်ကန်ကန်သုံးခြင်းအားဖြင့် မြန်မာစာ မြန်မာစကားကို ရေးသားပြောဆိုတဲ့အခါ အနက်တွေ မှန်ကန်တိကျလာစေတယ်ဆိုတာ တွေ့နိုင်ပါတယ်။

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန်သုံးနိုင်ပါစေခင်ဗျာ။

ကျမ်းကိုးစာရင်း
——————

၁။ မြန်မာအဘိဓာန်၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့။

၂။ မြန်မာသဒ္ဒါ၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့။

၃။ ငယ်ပေါင်းကြီးဖော်မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။

၄။ မြန်မာသဒ္ဒါနှင့် အသုံးအနှုန်း၊ ဦးဖေမောင်တင်၊ ပဉ္စမအကြိမ်၊ ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ၊ စာပေဗိမာန်။

၅။ မြန်မာစာအရေးအသား၊ ကလောင်စုံ၊ ပထမအကြိမ်၊ ၂၀၁၄၊ သြဂုတ်လ၊ စိတ်ကူးချိုချိုစာပေ။

Comments

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”