ကြိယာထောက်ပစ္စည်းများအကြောင်း

ကြိယာထောက်ပစ္စည်းများအကြောင်း
----------------------

 “သာ၊ သာလျှင်၊ ချည်း၊ တော့” စတဲ့ မြန်မာဘာသာစကားမှာရှိတဲ့ နာမ်ထောက်ပစ္စည်းများအကြောင်းကို ကျွန်တော်ရေးခဲ့ပါပြီ။ နာမ်ထောက်ပစ္စည်းများအကြောင်း သိပြီးလျှင် ကြိယာထောက်ပစ္စည်းများအကြောင်းကိုလည်း သိထားသင့်သည်ဟု ယူဆပါတယ်။

မြန်မာဘာသာစကားမှာ ကြိယာတွေရဲ့အနက်ကို ထူးခြားသွားအောင် ကူညီထောက်ပံ့ပေးတဲ့ စကားလုံးလေးတွေ ရှိပါတယ်။ အဲဒီစကားလုံးလေးတွေကို “ကြိယာထောက်ပစ္စည်း” လို့ ခေါ်ပါတယ်။

ကြိယာထောက်ပစ္စည်းစကားလုံးတွေ မြန်မာဘာသာစကားမှာ အများအပြားရှိပါတယ်။ အဲဒီထဲက တချို့ကတော့ “ချင်၊ တတ်၊ နိုင်၊ ဖူး၊ ဝံ့၊ ခဲ၊ ခဲ့၊ မိ၊ သင့်၊ ရှာ၊ လွန်း၊ လှ၊ ရက်၊ သေး” တို့ ဖြစ်ကြပါတယ်။

“ချင်” က ကြိယာတွေရဲ့အနက်ကို “ဆန္ဒရှိ” ကြောင်း ဖော်ပြပြီး ထူးခြားအောင် ကူညီထောက်ပံ့ပေးပါတယ်။

ဥပမာ -

(၁) “သမ္မတဦးသိန်းစိန်လက်ထက်တွင် လွှတ်တော်အမတ်များသည် ငါးနှစ်တိုင်တိုင် တစ်လလျှင် လစာငွေ ဆယ်သိန်းကျပ် ရနေပါလျက် ဆင်းရဲမွဲတေနေသော ကျွန်ုပ်တို့နိုင်ငံဆီမှ နိုင်ငံရေးပင်စင်ဆိုသည်ကို အရှက်မဲ့စွာ ယူသည်။”

(၂) “သမ္မတဦးသိန်းစိန်လက်ထက်တွင် လွှတ်တော်အမတ်များသည် ငါးနှစ်တိုင်တိုင် တစ်လလျှင် လစာငွေ ဆယ်သိန်းကျပ် ရနေပါလျက် ဆင်းရဲမွဲတေနေသော ကျွန်ုပ်တို့နိုင်ငံဆီမှ နိုင်ငံရေးပင်စင်ဆိုသည်ကို အရှက်မဲ့စွာ ယူချင်သည်။”

ဆိုတဲ့ဝါကျ (၂) ခုကို ကြည့်ပါ။

ဝါကျ (၂) ခုစလုံးမှာ ပါဝင်တဲ့ကြိယာဟာ အတူတူပင်ဖြစ်ပေမဲ့ ဝါကျ (၁) မှာ အဓိကကြိယာ “ယူ”ရဲ့အနက်ဟာ “ယူ”ကြောင်းသာ သာမန်အားဖြင့် ပေါ်လွင်ပါတယ်။ ဝါကျ (၂) မှာတော့ အဓိကကြိယာ “ယူ” ရဲ့အနက်ဟာ “ယူ”ကြောင်း မပေါ်လွင်တော့ဘဲ “ယူရန်ဆန္ဒရှိ” ကြောင်းသာ ပေါ်လွင်ပါတော့တယ်။ “ချင်” က ကြိယာ ”ယူ” ရဲ့အနက်ကို ထူးခြားအောင် ကူညီထောက်ပံ့လိုက်တာ ဖြစ်ပါတယ်။

“တတ်” က ကြိယာတွေရဲ့အနက်ကို “ပြုလေ့ပြုထရှိ” ကြောင်း ဖော်ပြပြီး ထူးခြားအောင် ကူညီထောက်ပံ့ပေးပါတယ်။

ဥပမာ -

(၁) ဦးသိန်းစိန်လက်ထက်တွင် လွှတ်တော်သည် လွှတ်တော်အမတ်တို့ အကျိုးရှိမည့်ကိစ္စများကိုသာ ဆောင်ရွက်သည်။

(၂) ဦးသိန်းစိန်လက်ထက်တွင် လွှတ်တော်သည် လွှတ်တော်အမတ်တို့ အကျိုးရှိမည့်ကိစ္စများကိုသာ ဆောင်ရွက်တတ်သည်။

ဆိုတဲ့ဝါကျ (၂) ခုကို ကြည့်ပါ။

ဝါကျ (၂) ခုစလုံးမှာ ပါဝင်တဲ့ ကြိယာဟာ အတူတူပင်ဖြစ်ပေမဲ့ ဝါကျ (၁) မှာ အဓိကကြိယာ “ဆောင်ရွက်” ရဲ့အနက်ဟာ “ဆောင်ရွက်” ကြောင်းသာ သာမန်အားဖြင့် ပေါ်လွင်ပါတယ်။ ဝါကျ (၂) မှာတော့ အဓိကကြိယာ “ဆောင်ရွက်” ရဲ့အနက်ဟာ “ဆောင်ရွက်” ကြောင်း မပေါ်လွင်တော့ဘဲ “ဆောင်ရွက်လေ့ဆောင်ရွက်ထ ရှိ” ကြောင်းသာ ပေါ်လွင်ပါတော့တယ်။ “တတ်” က ကြိယာ “ဆောင်ရွက်” ရဲ့အနက်ကို ထူးခြားအောင် ကူညီထောက်ပံ့လိုက်တာ ဖြစ်ပါတယ်။

“နိုင်” က ကြိယာတွေရဲ့အနက်ကို “အခွင့်အလမ်းရှိ” ကြောင်း ဖော်ပြပြီး ထူးခြားအောင် ကူညီထောက်ပံ့ပေးပါတယ်။

ဥပမာ -

(၁) သမ္မတသက်တမ်းအတွင်း လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ သမ္မတသက်တမ်းကုန်ဆုံးချိန်တွင် တရားစွဲဆိုခံရသောကြောင့် သမ္မတအား တရားမစွဲရေးဥပဒေကြမ်းကို ထုတ်ပြန်လိုက်သည်။

(၂) သမ္မတသက်တမ်းအတွင်း လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ သမ္မတသက်တမ်းကုန်ဆုံးချိန်တွင် တရားစွဲဆိုခြင်း ခံရနိုင်သောကြောင့် သမ္မတအား တရားမစွဲရေးဥပဒေကြမ်းကို ထုတ်ပြန်လိုက်သည်။

ဆိုတဲ့ဝါကျ (၂) ခုကို ကြည့်ပါ။

ဝါကျ (၂) ခုလုံးမှာ ပါဝင်တဲ့ ကြိယာတွေဟာ အတူတူပင်ဖြစ်ပေမဲ့ ဝါကျ (၁) မှာ အဓိကကြိယာတစ်ခုဖြစ်တဲ့ “တရားစွဲဆိုခံရ” ရဲ့အနက်ဟာ “တရားစွဲဆိုခံရ” ကြောင်းသာ သာမန်အားဖြင့် ပေါ်လွင်ပါတယ်။ ဝါကျ (၂) မှာတော့ အဓိကကြိယာတစ်ခုဖြစ်တဲ့ “တရားစွဲဆိုခံရ” ရဲ့အနက်ဟာ “တရားစွဲဆိုခံရ” ကြောင်း မပေါ်လွင်တော့ဘဲ “တရားစွဲဆိုခံရဖို့အခွင့်အလမ်းရှိ” ကြောင်းသာ ပေါ်လွင်ပါတော့တယ်။ “နိုင်” က ကြိယာ “တရားစွဲဆိုခံရ” ရဲ့အနက်ကို ထူးခြားအောင် ကူညီထောက်ပံ့လိုက်တာ ဖြစ်ပါတယ်။

“ဖူး” က ကြိယာတွေရဲ့အနက်ကို “ပြုမူဆောင်ရွက်ဖြစ်ပျက်ခဲ့” ကြောင်း ဖော်ပြပြီး ထူးခြားအောင် ကူညီထောက်ပံ့ပေးပါတယ်။

ဥပမာ -

(၁) ဦးဌေးဦးသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် မနာလိုစိတ်ဖြင့် "အိုဘားမား နှစ်ခါလာတော့ နှစ်ခါအနမ်းခံရတာပေါ့" ဟု ပြော၏။

(၂) ဦးဌေးဦးသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် မနာလိုစိတ်ဖြင့် "အိုဘားမှား နှစ်ခါလာတော့ နှစ်ခါအနမ်းခံရတာပေါ့ဟု" ပြောဖူး၏။

ဆိုတဲ့ဝါကျ (၂) ခုကို ကြည့်ပါ။ ဝါကျ (၂) ခုစလုံးမှာ ပါဝင်တဲ့ ကြိယာဟာ အတူတူပင်ဖြစ်ပေမဲ့ ဝါကျ (၁) မှာ အဓိကကြိယာ “ပြော” ရဲ့အနက်ဟာ “ပြော” ကြောင်းသာ သာမန်အားဖြင့် ပေါ်လွင်ပါတယ်။ ဝါကျ (၂) မှာတော့ အဓိကကြိယာ “ပြော” ရဲ့အနက်ဟာ “ပြော” ကြောင်း မပေါ်လွင်တော့ဘဲ “ပြောခဲ့” ကြောင်းသာ ပေါ်လွင်ပါတော့တယ်။ “ဖူး” က ကြိယာ “ပြော” ရဲ့အနက်ကို ထူးခြားအောင် ကူညီထောက်ပံ့လိုက်တာ ဖြစ်ပါတယ်။

“ဝံ့” က ကြိယာတွေရဲ့အနက်ကို “ပြုရဲ” ကြောင်း ဖော်ပြပြီး ထူးခြားအောင် ကူညီထောက်ပံ့ပေးပါတယ်။

ဥပမာ -

(၁) စစ်အစိုးရသည် ပြည့်ဦးခေါင်းကို ခွဲသည်။

(၂) စစ်အစိုးရသည် ပြည့်ဦးခေါင်းကို ခွဲဝံ့သည်။

ဆိုတဲ့ဝါကျ (၂) ခုကို ကြည့်ပါ။

ဝါကျ (၂) ခုစလုံးမှာ ပါဝင်တဲ့ ကြိယာဟာ အတူတူပင်ဖြစ်ပေမဲ့ ဝါကျ (၁) မှာ အဓိကကြိယာ “ခွဲ” ရဲ့အနက်ဟာ “ခွဲ” ကြောင်းသာ သာမန်အားဖြင့် ပေါ်လွင်ပါတယ်။ ဝါကျ (၂) မှာတော့ အဓိကကြိယာ “ခွဲ” ရဲ့အနက်ဟာ “ခွဲ” ကြောင်း မပေါ်လွင်တော့ဘဲ “ခွဲခြင်းကို ပြုရဲ” ကြောင်းသာ ပေါ်လွင်ပါတော့တယ်။ “ဝံ့” က ကြိယာ “ခွဲ” ရဲ့အနက်ကို ထူးခြားအောင် ကူညီထောက်ပံ့လိုက်တာ ဖြစ်ပါတယ်။

“ခဲ” က ကြိယာတွေရဲ့အနက်ကို “ပြုလေ့မရှိ” ကြောင်း ဖော်ပြပြီး ထူးခြားအောင် ကူညီထောက်ပံ့ပေး ပါတယ်။

ဥပမာ -

(၁) ဦးသိန်းစိန်လက်ထက်တွင် လွှတ်တော်သည် ပြည်သူတို့အကျိုးရှိမည့်ကိစ္စများကို ဆောင်ရွက်သည်။

(၂) ဦးသိန်းစိန်လက်ထက်တွင် လွှတ်တော်သည် ပြည်သူတို့အကျိုးရှိမည့်ကိစ္စများကို ဆောင်ရွက်ခဲသည်။

ဆိုတဲ့ဝါကျ (၂) ခုကို ကြည့်ပါ။

ဝါကျ (၂) ခုစလုံးမှာ ပါဝင်တဲ့ ကြိယာဟာ အတူတူပင်ဖြစ်ပေမဲ့ ဝါကျ (၁) မှာ အဓိကကြိယာ “ဆောင်ရွက်” ရဲ့အနက်ဟာ “ဆောင်ရွက်” ကြောင်းသာ သာမန်အားဖြင့် ပေါ်လွင်ပါတယ်။ ဝါကျ (၂) မှာတော့ အဓိကကြိယာ “ဆောင်ရွက်” ရဲ့အနက်ဟာ “ဆောင်ရွက်” ကြောင်း မပေါ်လွင်တော့ဘဲ “ဆောင်ရွက်လေ့မရှိ” ကြောင်းသာ ပေါ်လွင်ပါတော့တယ်။ “ခဲ” က ကြိယာ “ဆောင်ရွက်” ရဲ့အနက်ကို ထူးခြားအောင် ကူညီထောက်ပံ့လိုက်တာ ဖြစ်ပါတယ်။

အထက်ကဖော်ပြခဲ့တဲ့ သာဓကတွေလိုပဲ “မိ၊ သင့်၊ ရှာ၊ လွန်း၊ လှ၊ ရက်၊ သေး” စတဲ့ ကြိယာထောက်ပစ္စည်းတွေဟာ သက်ဆိုင်ရာကြိယာအသီးသီးရဲ့အနက်ကို ထူးခြားအောင် ကူညီထောက်ပံ့ပုံကိုလည်း အောက်ကဝါကျများကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

(၁) သမ္မတဦးသိန်းစိန်သည် နိုင်ငံတကာတွင် အရှက်ရမည့်ကိစ္စများကို လုပ် “မိ” သည်။

(၂) နိုင်ငံကို အုပ်ချုပ်မည့်သူများသည် ပညာတတ် “သင့်” သည်။

(၃) ဦးသိန်းစိန်လက်ထက်တွင် ဝန်ကြီးများသည် အသိဉာဏ်နုံနဲ့ “ရှာ” သည်။

(၄) စစ်အစိုးရလက်ထက်တွင် အုပ်ချုပ်သူတို့သည် ပြည်သူကို နှိပ်စက် “လွန်း” သည်။

(၅) ထိုအချိန်က ပြည်သူတို့ ခံစားရသည့်ဒုက္ခသည် ကြီးမား “လှ” သည်။

(၆) သမ္မတသည် ပြည်သူကို လိမ် “ရက်” သည်။

(၇) ပြည်သူတို့နှလုံးသားတွင် အမာရွတ်များသည် ယခုတိုင် ရှိ “သေး” ၏။

အခုဖော်ပြခဲ့တဲ့ “ကြိယာထောက်ပစ္စည်းများ” ဟာ မြန်မာဘာသာစကားမှာရှိတဲ့ ကြိယာထောက်ပစ္စည်းများအနက် အချို့သာဖြစ်ပါတယ်။

ကြိယာထောက်ပစ္စည်းတွေကို စနစ်တကျသုံးစွဲနိုင်ရင် မြန်မာစာရေးသားရာ၊ မြန်မာစကားပြောဆိုရာမှာ အနက်ကို ပိုမိုတိကျပေါ်လွင်အောင် ရေးသား၊ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန်သုံးနိုင်ပါစေခင်ဗျာ။


ကျမ်းကိုးစာရင်း
---------

၁။ မြန်မာအဘိဓာန်၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့။

၂။ မြန်မာသဒ္ဒါ၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့။

၃။ ငယ်ပေါင်းကြီးဖော်မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။

၄။ မြန်မာသဒ္ဒါနှင့် အသုံးအနှုန်း၊ ဦးဖေမောင်တင်၊ ပဉ္စမအကြိမ်၊ ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ၊ စာပေဗိမာန်။

၅။ မြန်မာစာအရေးအသား၊ ကလောင်စုံ၊ ပထမအကြိမ်၊ ၂၀၁၄၊ သြဂုတ်လ၊ စိတ်ကူးချိုချိုစာပေ။

Comments

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”