"မီ" နဲ့ "မှီ" အကြောင်း

“မီ” နဲ့ “မှီ” အကြောင်း

အသံထွက်ကြောင့် မှားတတ်တဲ့အထဲမှာ “မီ” နဲ့ “မှီ” လည်း ပါဝင်ပါတယ်။

ဥပမာ -

“အချိန်မှီ လာခဲ့မယ်” လို့ ရေးရမှာလား။ “အချိန်မီလာခဲ့မယ်” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။

“သားသမီးတွေရဲ့ မှီခိုရာဟာ မိဘပါပဲ” လို့ ရေးရမှာလား၊ “သားသမီးတွေရဲ့ မီခိုရာဟာ မိဘပါပဲ” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။

“မီ” ကို မြန်မာအဘိဓာန်မှာ -

“မီ ၁၊ စည်း - “မ” နှင့် တွဲ၍ အချိန်မတိုင်သေးခင်အနက်ဖြင့် ထောက်ပံ့သော စကားလုံး။ “မလာမီ။ မပြောမီ”

“မီ ၂၊ ကြိ - လှမ်း၍ ရောက်နိုင်၊ ထိနိုင်သည်။ တိုင်ရောက်သည်။”

လို့ အနက် (၂) မျိုး ဖွင့်ဆိုထားပါတယ်။

အနက် (၁) က ပစ္စည်းအနက် ဖြစ်ပါတယ်။ အငြင်းပြပစ္စည်း “မ” နဲ့ တွဲကာ အချိန်မတိုင်သေးခင်သဘောပြပြီး ကြိယာအနက်ကို ထူးခြားအောင် ကူညီထောက်ပံ့ပေးလိုတဲ့အခါ “မီ” ကို သုံးရမှာ ဖြစ်ပါတယ်။

ဥပမာ -

“ဒံပေါက်သိုးကြီးသည် ပေးဆပ်ရမည့်ဝဋ်များကို မသေမီ အကျေအလည် ပေးဆပ်ရပေလိမ့်ဦးမည်။”

“ထိုအတူ သိန်းသိန်းနှင့် သန်းသန်းသည်လည်း ငရဲသို့ မကျမီ ထိုသို့ ပေးဆပ်ရပေလိမ့်မည်။”

“ထို့ကြောင့် အချိန်မလွန်မီ မိမိတို့အပြစ်ကို ဝန်ခံပြီး တိုင်းပြည်ကောင်းစေလိုသူများ၏ ဆန္ဒကို လိုက်လျောသင့်လှပေ သည်။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ “အချိန်မတိုင်သေးခင်” တစ်နည်းအားဖြင့် “မသေသေးခင်” ဝဋ်များ ပေးဆပ်ရမည်ဖြစ်ကြောင်းကို “မ” နဲ့ တွဲပြီး “မီ” က ပြနေပါတယ်။

ဒုတိယဝါကျမှာ “အချိန်မတိုင်သေးခင်“ တစ်နည်းအားဖြင့် “ငရဲမကျသေးခင်” ဝဋ်များ ပေးဆပ်ရမည်ဖြစ်ကြောင်းကို “မ” နဲ့ တွဲပြီး “မီ” က ပြနေပါတယ်။

တတိယဝါကျမှာ “အချိန်မတိုင်သေးခင်” တစ်နည်းအားဖြင့် “အချိန်မလွန်ခင်” မိမိတို့အပြစ်ကို ဝန်ခံသင့်ကြောင်းကို “မ” နဲ့ တွဲပြီး “မီ” က ပြနေပါတယ်။

ဒါကြောင့် “အချိန်မတိုင်ခင်” တစ်နည်းအားဖြင့် “အချိန်ကာလသဘောဆောင်သောအနက်” ဖြစ်ကြောင်း ပြလိုတဲ့အခါ “မီ” ကိုသုံးရမှာ ဖြစ်ပါတယ်။

အနက် (၂) က ကြိယာအနက်ဖြစ်ပါတယ်။ “လှမ်း၍ရောက်နိုင်၊ ထိနိုင်၊ တိုင်ရောက်နိုင်” ကြောင်း ပြလိုတဲ့အခါ “မီ” ကိုသုံးရမှာ ဖြစ်ပါတယ်။

ဥပမာ -

“သင်တို့ မည်မျှပင်ကြိုးစားပါစေ ဒေါ်အောင်ဆန်းစုကြည်၏ ဉာဏ်ပညာကြီးမားမှုကို မည်သည့်အခါမျှ မီနိုင်မည် မဟုတ်ချေ။”

“ကျွနု်ပ်တို့အခွင့်အရေးကို ကျွန်ုပ်တို့ လက်လှမ်း၍ မီနိုင်စေရန် အတားအဆီးဖြစ်သော အစိတ်သားကို လွှတ်တော် တွင်းမှ မောင်းထုတ်ရန် ကြိုးပမ်းကြပါစို့။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ “ဒေါ်အောင်ဆန်းစုကြည်၏ ဉာဏ်ပညာကြီးများမှုကို လှမ်း၍ မရောက်နိုင်၊ မထိနိုင်” ကြောင်း “မီ” က ပြနေပါတယ်။

ဒုတိယဝါကျမှာ “အစိတ်သားကို လွှတ်တော်တွင်းမှ မောင်းထုတ်နိုင်လျှင် ကျွန်ုပ်တို့အခွင့်အရေးကို ကျွန်ုပ်တို့ လှမ်း၍ရောက်နိုင်၊ ထိနိုင်” ကြောင်း “မီ” က ပြနေပါတယ်။

ဒါကြောင့် “လှမ်း၍ရောက်နိုင်၊ ထိနိုင်၊ တိုင်ရောက်နိုင်” ကြောင်း ပြလိုတဲ့အခါ “မီ” ကို သုံးရပါတယ်။

“မှီ” ကိုတော့ မြန်မာအဘိဓာန်မှာ -

“မှီ ကြိ - ၁၊ တစ်စုံတစ်ခုကို ယှဉ်ကပ်အားပြုသည်။ ၂၊ အားကိုးအားထားပြုသည်။”

လို့ အနက်ဖွင့်ဆိုထားပါတယ်။

ကြိယာအနက်ဖြစ်ပါတယ်။ “တစ်စုံတစ်ခုကို ယှဉ်ကပ်အားပြု” ကြောင်း၊ “အားကိုးအားထားပြု” ကြောင်း ပြလိုတဲ့အခါ “မှီ” ကို သုံးရမှာဖြစ်ပါတယ်။

ဥပမာ -

“အာဏာရအစိုးရသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မှီ ၍ အာဏာမစွန့်ရရေး ကြိုးပမ်းလျက်ရှိသည်။”

“တိုင်းပြည်၏အနာဂတ်ကောင်းမွန်ရေးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အင်အယ်လ်ဒီပါတီနှင့် တိုင်းရင်းသားပါတီများ အနိုင်ရရေးအပေါ်၌သာ မှီ နေလေသည်။

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ “အာဏာရအစိုးရဟာ အာဏာမစွန့်ရရေးအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ယှဉ်ကပ်အားပြု၊ အားကိုးအားထားပြု” ကြောင်း “မှီ” က ပြနေပါတယ်။

ဒုတိယဝါကျမှာ “တိုင်းပြည်၏အနာဂတ်ကောင်းမွန်ရေးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီပါတီနဲ့ တိုင်းရင်းသား ပါတီများ အနိုင်ရရေးအပေါ် ယှဉ်ကပ်အားပြု၊ အားကိုးအားထားပြု” နေရကြောင်း “မှီ” က ပြနေပါတယ်။

ဒါကြောင့် “တစ်စုံတစ်ခုကို ယှဉ်ကပ်အားပြု” ကြောင်း၊ “အားကိုးအားထားပြုကြောင်း” ဖော်ပြလိုတဲ့အခါ “မှီ” ကို သုံးရမှာဖြစ်ပါတယ်။

ဒါကြောင့် “အချိန်ကာလသဘောဆောင်” ကြောင်းပြလိုတဲ့အခါ၊ “လှမ်း၍ရောက်နိုင်၊ ထိနိုင်၊ တိုင်ရောက်နိုင်” ကြောင်း ပြလိုတဲ့အခါ “မီ” ကို သုံးရပြီး “တစ်စုံတစ်ခုကို ယှဉ်ကပ်အားပြုကြောင်း”၊ “အားကိုးအားထားပြုကြောင်း” ပြလိုတဲ့အခါ
 “မှီ” ကိုသုံးရမှာဖြစ်ပါတယ်ခင်ဗျာ။

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန်သုံးနိုင်ပါစေခင်ဗျာ။

စာကြွင်း
———
စည်း - ပစ္စည်း
ကြိ - ကြိယာ

ကျမ်းကိုးစာရင်း
——————
၁။ မြန်မာအဘိဓာန်၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့။

၂။ မြန်မာသဒ္ဒါ၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့။

၃။ ငယ်ပေါင်းကြီးဖော်မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။

Comments

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”