"ကျိတ်"၊ "ကျိပ်"၊ "ကြိတ်" နှင့် "ကြိပ်" တို့အကြောင်း

“ကျိတ်”၊ “ကျိပ်”၊ “ကြိတ်” နဲ့ “ကြိပ်” တို့အကြောင်း
-------------------------------------------------

မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတတ်တဲ့အထဲ “ကျိတ်”၊ “ကျိပ်”၊ “ကြိတ်” နဲ့ “ကြိပ်” တို့လည်း ပါဝင်ပါတယ်။


ဥပမာ -


“ဒီကိစ္စကို ဘယ်သူမှမသိအောင် ကျိတ်လုပ်ပါ” လို့ ရေးရမှာလား၊ “ဒီကိစ္စကို ဘယ်သူမှမသိအောင် ကျိပ်လုပ်ပါ” လို့ ရေးရမှာလား၊ “ဒီကိစ္စကို ဘယ်သူမှမသိအောင် ကြိတ်လုပ်ပါ” လို့ ရေးရမှာလား၊ “ဒီကိစ္စကို ဘယ်သူမှမသိအောင် ကြိပ်လုပ်ပါ” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။


“နာကျင်စရာတွေ သိပ်များတဲ့ခေတ်မှာ တက်ခေါက်ပြီး ကျိတ်ခံလိုက်ရုံပေါ့ကွာ” လို့ ရေးရမှာလား၊ “နာကျင်စရာတွေ သိပ်များတဲ့ခေတ်မှာ တက်ခေါက်ပြီး ကျိပ်ခံလိုက်ရုံပေါ့ကွာ” လို့ ရေးရမှာလား၊ “နာကျင်စရာတွေ သိပ်များတဲ့ခေတ်မှာ တက်ခေါက်ပြီး ကြိတ်ခံလိုက်ရုံပေါ့ကွာ” လို့ ရေးရမှာလား၊ “နာကျင်စရာတွေ သိပ်များတဲ့ခေတ်မှာ တက်ခေါက်ပြီး ကြိပ်ခံလိုက်ရုံပေါ့ကွာ” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။


“ကျိတ်” ကို မြန်မာအဘိဓာန်မှာ -


ကျိတ်၊ နဝိ - (အထည်၏အသား) ကျစ်လျစ်သော။


ကြိဝိ - သူတစ်ပါးမသိအောင် တိတ်တဆိတ်။ “ကျိတ်လုပ်သည်။ ကျိတ်ကြံသည်။”


/ဂျိတ်/ န - အစေ့ကို ပုတီး၊ လက်ကောက်လုပ်ရသော အလေ့ကျပေါက် အပင်တစ်မျိုး။


လို့ အနက် (၃) ခု ဖွင့်ထားပါတယ်။


အနက် (၁) က နာမဝိသေသနအနက်ဖြစ်ပါတယ်။ “အဝတ်အထည်တွေရဲ့အသား ကောင်းကြောင်း”၊ “ရက်လုပ်ထားတာ ကျစ်လျစ်ပြီး အသားပိတ်ကြောင်း”၊ “အသားချောကြောင်း” ဖော်ပြလိုတဲ့အခါ “ကျိတ်” ကို သုံးကြောင်း ဖွင့်ဆိုထားပါတယ်။


ဥပမာ -


“ဝန်ကတော်ဝတ်ထားတဲ့ ချိတ်လုံချည်လေးက အသားကျိတ်နေတာပဲ။ သိပ်ကောင်းတာပဲ။”


“တပ်ရေးဗိုလ်ကြီးက တပ်ရင်းမှူးကတော်ကို ကန်တော့တဲ့ ပါတိတ်လုံချည်လေးရဲ့အသားက ကျိတ်နေတာပဲ၊ တော်တော်တန်မယ်ထင်တယ်အေ့။”


“ရှင်ဘုရင်ပုဆိုး ပိုးချည်းပဲဆိုတော့ အသားကျိတ်တာ ဘယ်ဆန်းပါ့မလဲလေ။ ပြည်သူ့ပုဆိုးနဲ့တော့ ကွာချင်တိုင်း ကွာမှာပေါ့။”


ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။


အထည်တွေရဲ့အသား ကောင်းကြောင်း၊ ရက်လုပ်ထားတာ ကျစ်လျစ်ပြီး အသားပိတ်ကြောင်း၊ အသာချောကြောင်း “ကျိတ်” က ပြနေပါတယ်။


အနက် (၂) က ကြိယာဝိသေသနအနက်ဖြစ်ပါတယ်။ “သူတစ်ပါးမသိအောင်” ကြံစည်၊ ပြုမူကြောင်း ဖော်ပြလိုတဲ့အခါ “ကျိတ်” ကို သုံးကြောင်း ဖွင့်ဆိုထားပါတယ်။


ဥပမာ -


“တပ်ထွက်တွေကို ကျန်းမာရေးဝန်ကြီးဌာနပို့ဖို့ ကျိတ်လုပ်နေတာ ကြာပြီထင်ပါရဲ့။”


“သူတို့က အရပ်ဘက်အရာရှိနေရာတိုင်းကို ချုပ်ကိုင်နိုင်ဖို့ ကျိတ်ကြံစည်ထားတယ်လို့ ထင်တယ်။”


“အဲဒီလို ကျိတ်ကြံထားတာတွေဟာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီ။”


ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။


ပထမဝါကျမှာ တပ်ထွက်တွေကို ကျန်းမာရေးဝန်ကြီးဌာနပို့ဖို့ “သူတစ်ပါးမသိအောင် တိတ်တဆိတ်” ပြုလုပ်နေကြောင်း၊ တစ်နည်းအားဖြင့် “ ပြည်သူမသိအောင် တိတ်တဆိတ်” ပြုလုပ်နေကြောင်း “ကျိတ်” က ပြနေပါတယ်။


ဒုတိယဝါကျမှာ သူတို့ဟာ အရပ်ဘက်အရာရှိနေရာတိုင်းကို ချုပ်ကိုင်နိုင်ဖို့ “သူတစ်ပါးမသိအောင် တိတ်တဆိတ်” ကြံစည်ထားကြောင်း၊ တစ်နည်းအားဖြင့် “ ပြည်သူမသိအောင် တိတ်တဆိတ်” ကြံစည်ထားကြောင်း “ကျိတ်” က ပြနေပါတယ်။


တတိယဝါကျမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတာတွေဟာ သူတို့က “သူတစ်ပါးမသိအောင် တိတ်တဆိတ်” ကြံစည်ထားတာတွေ တစ်နည်းအားဖြင့် “ ပြည်သူမသိအောင် တိတ်တဆိတ်” ကြံစည်ထားတာတွေဖြစ်ကြောင်း “ကျိတ်” က ပြနေပါတယ်။


အနက် (၃) က နာမ်အနက်ဖြစ်ပါတယ်။ / ကျိတ် / လို့ အသံမထွက်တော့ဘဲ / ဂျိတ် / လို့ အသံထွက်ပါတယ်။ “အစေ့ကို ပုတီး၊ လက်ကောက်လုပ်ရသော အလေ့ကျပေါက် အပင်တစ်မျိုး” ဖြစ်ကြောင်း ဖော်ပြလိုတဲ့အခါ “ကျိတ်” ကိုသုံးကြောင်း ဖွင့်ဆိုထားပါတယ်။


ဥပမာ -


“အဘွား တစ်သက်လုံး စိပ်ခဲ့သော စိပ်ပုတီးလေးမှာ ကျိတ်စေ့ဖြင့် လုပ်ထားသော ပုတီးလေး ဖြစ်သည်။”


“အိမ်တွင် စိတ်ဆင်းရဲစရာကိစ္စရပ်များ ကြုံလာတိုင်း ဘိုးဘိုးသည် ကျိတ်စေ့ဖြင့် လုပ်ထားသော စိပ်ပုတီးလေးကို လက်ကကိုင်ပြီး ငေးနေတတ်လေသည်။”


ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။


“အစေ့ကို ပုတီး၊ လက်ကောက်လုပ်ရသော အလေ့ကျပေါက် အပင်တစ်မျိုး” ဖြစ်ကြောင်း “ကျိတ်” က ပြနေပါတယ်။


“ကျိပ်” ကို မြန်မာအဘိဓာန်မှာ -


ကျိပ်၊ စည်း - လူ၊ နတ် တို့ကို ရေတွက်ရာတွင် ဆယ်ပြည့်ကိန်းကို ညွှန်ပြသော စကားလုံး။ “ရဲဘော်သုံးကျိပ်။”

လို့ အနက်ဖွင့်ထားပါတယ်။


ပစ္စည်းအနက် ဖြစ်ပါတယ်။ “လူ၊ နတ် တို့ကို ရေတွက်တဲ့အခါ ဆယ်ပြည့်ကိန်းကို ညွှန်ပြတဲ့ စကားလုံး” ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။


ဥပမာ -


“တိုင်းပြည်လွတ်လပ်ရေးအတွက် ရဲဘော်သုံးကျိပ်ကို ဂျပန်သို့ လေးသုတ်ခွဲ၍ စေလွှတ်ခဲ့သူမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။”


“သို့သော် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရှုမောင်သည်ပင်လျှင် တိုင်းပြည်ကို ပျက်စီးအောင် စတင်ဖျက်ဆီးခဲ့သူဖြစ်လေပြန်သည်ကား မြန်မာနိုင်ငံ၏ ကံတရားဟုပင်ဆိုရမည်လားမသိနိုင်တော့ပါ။”


“တာဝတိံသာနတ်ပြည်သည်ကား သုံးကျိပ်သုံးယောက်သောနတ်တို့၏ နေရာဘုံဗိမာန်ကြီးပင်ဖြစ်လေသည်။”
ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။


ပထမဝါကျမှာ တိုင်းပြည်လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း က ဂျပန်နိုင်ငံသို့ လေးသုတ်ခွဲ၍ စေလွှတ်ခဲ့သူများမှာ “ရဲဘော်သုံးဆယ်” ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် “ဆယ်ပြည့်ကိန်း” ဖြစ်ကြောင်း “ကျိပ်” က ပြနေပါတယ်။


ဒုတိယဝါကျမှာ တိုင်းပြည်ကို ပျက်စီးအောင် စတင်ဖျက်ဆီးခဲ့သူ ဗိုလ်ရှုမောင်မှာ “ရဲဘော်သုံးကျိပ်” ဝင် တစ်နည်းအားဖြင့် “ရဲဘောသုံးဆယ်” ဝင် တစ်နည်းအားဖြင့် “ဆယ်ပြည့်ကိန်း” ဝင် ဖြစ်ကြောင်း “ကျိပ်” က ပြနေပါတယ်။


တတိယဝါကျမှာ တာဝတိံသာနတ်ပြည်ဆိုတဲ့ ဘုံဗိမာန်ဟာ “နတ်သုံးကျိပ်သုံးယောက်” တို့ရဲ့နေရာဘုံ ဖြစ်ကြောင်း တစ်နည်းအားဖြင့် “ဆယ်ပြည့်ကိန်း” သုံးခုနဲ့ သုံးယောက်တို့ရဲ့ နေရာဘုံဖြစ်ကြောင်း “ကျိပ်” က ပြနေပါတယ်။


“ကြိတ်” ကို မြန်မာအဘိဓာန်မှာ -


ကြိတ်၊ ကြိ - ၁၊ မာသောအရာချင်း ဖိနှိပ်ပွတ်တိုက်သည်။ ၂၊ ယင်းသို့ ဖိနှိပ်ပွတ်တိုက်၍ တစ်ခုခုကို အခွံကျွတ်အောင်၊ အရည်ထွက်အောင်၊ အမှုန့်ဖြစ်အောင် လုပ်သည်။ “စပါး ကြိတ်သည်။ ပဲ ကြိတ်သည်။” ၃၊ တစ်စုံတစ်ရာကို ကားစသည်က တက်နင်းဖြတ်သွားသည်။ “ကားကြိတ်သည်။” ၄၊ အားစိုက်သည်။


န - စပါးကို ဆန်ဖြစ်အောင် ကြိတ်ခွဲရသော ကိရိယာ။


လို့ အနက် (၂) ခု ဖွင့်ထားပါတယ်။


အနက် (၁) က ကြိယာအနက်ဖြစ်ပါတယ်။ ကြိယာအနက် (၄) ခု ပြထားပါတယ်။


ပထမအနက်က “မာတဲ့အရာချင်း ဖိနှိပ်ပွတ်တိုက်” ကြောင်း ဖော်ပြလိုတဲ့အခါ “ကြိတ်” ကို သုံးကြောင်း ဖွင့်ဆိုထားပါတယ်။


ဥပမာ -


“တစ်ပင်တည်းရှိတွင်ရှိသော အကိုင်းချင်း ကြိတ်သောအခါ ဖြစ်ပေါ်လာမည့်မီးပွားသည် ထိုအပင်ကိုပင် လောင်ကျွမ်းစေလိမ့်မည်ဖြစ်ကြောင်း အတိုက်အခံပါတီကို သတိပေးလိုပါသည်။”


“တစ်တောတည်းတွင်ရှိသော အပင်အချင်းချင်း ကြိတ်သောအခါ ထွက်လာမည့်မီးပွားသည် ထိုတောကိုပင် လောင်ကျွမ်းစေနိုင်သော် ဝမ်းသာမည့်သူမှာ အခြားတောပင်ဖြစ်လေ၏။”


“ထို့ကြောင့် တစ်တောတည်းတွင်ရှိသော အပင်အချင်းချင်း ကြိတ်ရန်မကြိုးစားဘဲ တောကြီးကြာရှည်စွာရှင်သန်ရေးကိုသာ ကြိုးစားသင့်လှသည်။”


ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။


ပထမဝါကျမှာ “တစ်ပင်တည်းတွင်ရှိသော အကိုင်းချင်း ဖိနှိပ်ပွတ်တိုက်” ကြောင်း၊ တစ်နည်းအားဖြင့် “မာတဲ့အရာချင်း ဖိနှိပ်ပွတ်တိုက်” ကြောင်း “ကြိတ်” က ပြနေပါတယ်။


ဒုတိယဝါကျမှာလည်း “တစ်တောတည်းတွင်ရှိသော အကိုင်းချင်း ဖိနှိပ်ပွတ်တိုက်” ကြောင်း၊ တစ်နည်းအားဖြင့် “မာတဲ့အရာချင်း ဖိနှိပ်ပွတ်တိုက်” ကြောင်း “ကြိတ်” က ပြနေပါတယ်။


တတိယဝါကျမှာလည်း “တစ်တောတည်းတွင်ရှိသော အပင်ချင်း မဖိနှိပ်မပွတ်တိုက်” သင့်ကြောင်း၊ တစ်နည်းအားဖြင့် “မာတဲ့အရာချင်း မဖိနှိပ်မပွတ်တိုက်” သင့်ကြောင်း “ကြိတ်” က ပြနေပါတယ်။


ဒုတိယအနက်က “ဖိနှိပ်ပွတ်တိုက်ပြီး တစ်ခုခုကို အခွံကျွတ်အောင်၊ အရည်ထွက်အောင်၊ အမှုန့်ဖြစ်အောင်လုပ်” ကြောင်း ဖော်ပြလိုတဲ့အခါ “ကြိတ်” ကိုသုံးကြောင်း ဖွင့်ဆိုထားပါတယ်။


ဥပမာ -


“ဆန်ကို အခွံကျွတ်အောင် ကြိတ်လျှင် စပါးရနိုင်သော်လည်း ပြည်သူကို အခွံကျွတ်အောင်ကြိတ်လျှင် အမုန်းတရားများသာ ရလာနိုင်သည်ကို သင်တို့ရိပ်မိပါလေစ။”


“ကြံကို ကြိတ်လျှင် ကြံရည်ရနိုင်သော်လည်း ပြည်သူကို ကြိတ်လျှင် နာကြည်းခြင်းများသာ ရလာနိုင်သည်ကို သင်တို့ တွေးမိပါလေစ။”


“ပဲကို အမှုန့်ထွက်အောင် ကြိတ်လျှင် ပဲမှုန့်ရနိုင်သော်လည်း ပြည်သူကို အမှုန့်ဖြစ်အောင် ကြိတ်လျှင် တော်လှန်ခြင်းများသာ ရလာနိုင်သည်ကို သင်တို့ သိရှိပါလေစ။”


ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။


ပထမဝါကျမှာ “ဆန်ကိုအခွံကျွတ်အောင်လုပ်” ကြောင်း၊ “ ပြည်သူကို အခွံကျွတ်အောင်လုပ်” ကြောင်း “ကြိတ်” က ပြနေပါတယ်။


ဒုတိယဝါကျမှာ “ကြံကို အရည်ထွက်အောင်လုပ်” ကြောင်း၊ “ ပြည်သူကို အရည်ထွက်အောင် လုပ်” ကြောင်း “ကြိတ်” က ပြနေပါတယ်။


တတိယဝါကျမှာ “ပဲကို အမှုန့်ဖြစ်အောင် လုပ်” ကြောင်း၊ “ ပြည်သူကို အမှုန့်ဖြစ်အောင် လုပ်” ကြောင်း “ကြိတ်” က ပြနေပါတယ်။


တတိယအနက်က “တစ်စုံတစ်ရာကို ကား စသည်က နင်းဖြတ်သွား” ကြောင်း ဖော်ပြလိုတဲ့အခါ “ကြိတ်” ကို သုံးကြောင်း ဖွင့်ဆိုထားပါတယ်။


ဥပမာ -


“တိုင်းပြည်တည်းဟူသော လှည်းကြီးကို မောင်းနှင်နေသည့် အစိုးရတည်းဟူသော လှည်းသမားသည် မိမိမောင်းသောလှည်း မိမိကိုတက်ကြိတ်မိသည့်အဖြစ် မရောက်အောင် သတိပြုရာသည်။”


“ထို့အတူ မိမိကိုကြိတ်မည့်ကားကို မိမိကိုယ်တိုင် စက်နှိုးပေးသည့်အဖြစ်မျိုး မရောက်စေရန်လည်း သတိပြုသင့်လှသည်။”


ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။


ပထမဝါကျမှာ အစိုးရတည်းဟူသောလှည်းသမားမောင်းနှင်နေသည့် တိုင်းပြည်တည်းဟူသောလှည်းက လှည်းသမားကို “နင်းဖြတ်သွား” ကြောင်း “ကြိတ်” က ပြနေပါတယ်။


ဒုတိယဝါကျမှာ မိမိကိုယ်တိုင် စက်နှိုးပေးသည် ကားက မိမိကို “နင်းဖြတ်သွား” မည်ဖြစ်ကြောင်း “ကြိတ်” က ပြနေပါတယ်။


စတုတ္ထအနက်က “အားစိုက်” ကြောင်း ဖော်ပြလိုတဲ့အခါ “ကြိတ်” ကို သုံးကြောင်း ဖွင့်ဆိုထားပါတယ်။


ဥပမာ -


“ နွံနစ်နေတဲ့ ပြည်သူ့ဘဝကို နွံကနေလွတ်အောင် ပြည်သူတို့ကိုယ်တိုင် ကြိတ်လိုက်ကြစို့။”


“ ရေမြုပ်နေတဲ့ ပြည်သူ့ဘဝကို ပြန်ထူထောင်နိုင်အောင် ပြည်သူတို့ကိုယ်တိုင်ပဲ ကြိတ်ရုန်းကြစို့။”


ဆိုတဲ့ဝါကျတွေကိုကြည့်ပါ။


ပထမဝါကျမှာ နွံနစ်နေတဲ့ ပြည်သူ့ဘဝကို နွံကနေလွတ်အောင် ပြည်သူကိုယ်တိုင်ကသာ “အားစိုက်” ရမှာဖြစ်ကြောင်း “ကြိတ်” က ပြနေပါတယ်။


ဒုတိယဝါကျမှာ ရေမြုပ်နေတဲ့ ပြည်သူ့ဘဝကို ပြန်ထူထောင်နိုင်အောင် ပြည်သူကိုယ်တိုင်ကသာ “အားစိုက်” ရမှာဖြစ်ကြောင်း “ကြိတ်” က ပြနေပါတယ်။


အနက် (၂) က နာမ်အနက်ဖြစ်ပါတယ်။ “စပါးကိုကြိတ်ခွဲပြီး ဆန်ဖြစ်အောင်လုပ်ရတဲ့ ကိရိယာ” ဖြစ်ကြောင်း ဖော်ပြလိုတဲ့အခါ “ကြိတ်” ကို သုံးကြောင်း ဖွင့်ဆိုထားတာဖြစ်ပါတယ်။


ဥပမာ -


“စပါးတွေကို ကြိတ်ထဲ ထည့်လိုက်တော့။”


“ကြိတ်ထဲကထွက်လာတဲ့ ဆန်တွေ ဖြူမဖြူကို သေချာစစ်ကြဟေ့။”


ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။


“စပါးကို ကြိတ်ခွဲပြီး ဆန်ဖြစ်အောင်လုပ်ရတဲ့ ကိရိယာ” ဖြစ်ကြောင်း “ကြိတ်” က ပြနေပါတယ်။


“ကြိပ်” ကို တော့ မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားခြင်း မရှိပါဘူး။ တစ်နည်းအားဖြင့် မြန်မာဘာသာစကားမှာမရှိတဲ့ အရေးအသားဖြစ်ပါတယ်။


ဒါကြောင့်


“(အထည်၏အသား) ကျစ်လျစ်” ကြောင်း၊ “သူတစ်ပါးမသိအောင် တိတ်တဆိတ်” လုပ်ဆောင်ကြံစည်ကြောင်း၊ “အစေ့ကို ပုတီး၊ လက်ကောက်လုပ်ရသော အလေ့ကျပေါက် အပင်တစ်မျိုး” ဖြစ်ကြောင်း ဖော်ပြလိုတဲ့အခါ “ကျိတ်” ကို သုံးရမှာဖြစ်ပါတယ်။


“လူ၊ နတ် တို့ကို ရေတွက်ရာတွင် ဆယ်ပြည့်ကိန်းကို ညွှန်ပြသော စကားလုံး” ဖြစ်ကြောင်း ဖော်ပြလိုတဲ့အခါ “ကျိပ်” ကို သုံးရမှာ ဖြစ်ပါတယ်။


“မာသောအရာချင်း ဖိနှိပ်ပွတ်တိုက်” ကြောင်း၊ “ယင်းသို့ ဖိနှိပ်ပွတ်တိုက်၍ တစ်ခုခုကို အခွံကျွတ်အောင်၊ အရည်ထွက်အောင်၊ အမှုန့်ဖြစ်အောင် လုပ်” ကြောင်း၊ “တစ်စုံတစ်ရာကို ကားစသည်က တက်နင်းဖြတ်သွား” ကြောင်း၊ “အားစိုက်သည်” ကြောင်း၊ “စပါးကို ဆန်ဖြစ်အောင် ကြိတ်ခွဲရသော ကိရိယာ” ဖြစ်ကြောင်း ဖော်ပြလိုတဲ့အခါ “ကြိတ်” ကို သုံးရမှာ ဖြစ်ပါတယ်။


“ကြိပ်” ဆိုတဲ့အသုံးကတော့ မြန်မာစာရေးထုံးမှာ မရှိတဲ့ရေးထုံးဖြစ်ပါတယ် ခင်ဗျာ။


စာကြွင်း
---------

နဝိ - နာမဝိသေသန
ကြိဝိ - ကြိယာဝိသေသန
န - နာမ်
စည်း - ပစ္စည်း
ႀကိ - ႀကိယာ
ကျမ်းကိုးစာရင်း
------------------

၁။ မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။


၂။ လပြည့်ဝန်းနဲ့ ဆင်စွယ်ဘီးကလေး၊ မောင်ခင်မင်(ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၉ ခုနှစ်၊ မေလ၊ မြစ်ကွေ့စာအုပ်တိုက်။


၃။ မြန်မာသဒ္ဒါ၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။


၄။ ပြည်သူ့အတွက် မြန်မာစကားပြေ၊ မောင်ခင်မင်(ဓနုဖြူ)၊ ဒုတိယအကြိမ်၊ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ၊ ကံ့ကော်ဝတ်ရည်စာပေ။


၅။ ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင်(ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။


၆။ လူငယ်တွေမေးကြတဲ့ ထွေထွေရာရာမြန်မာစာ၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ။


၇။ မြန်မာစာ မြန်မာစကားဝိုင်း၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ။

Comments

Post a Comment

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”