"လည်း" နှင့် "လဲ" အကြောင်း

“လည်း” နဲ့ “လဲ” အကြောင်း
———————————

မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတတ်တဲ့အထဲ “လည်း” နဲ့ “လဲ” တို့လည်း ပါဝင်ပါတယ်။

ဥပမာ -

“ဘာစားမှာလဲ” လို့ ရေးရမှာလား၊ “ဘာစားမှာလည်း” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ “မင်းသွားရင် ငါလည်း လိုက်မယ်” လို့ ရေးရမှာလား၊ “မင်းသွားရင် ငါလဲလိုက်မယ်” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။

“လည်း” ကို မြန်မာအဘိဓာန်မှာ -

“လည်း /လဲ/ စည်း - အတူတကွဖြစ်ကြောင်း၊ ပါဝင်ကြောင်းပြသော စကားလုံး။”

လို့ အနက်ဖွင့်ထားပါတယ်။

ပစ္စည်းအနက်ဖြစ်ပါတယ်။ “အတူတကွဖြစ်ကြောင်း၊ ပါဝင်ကြောင်း” ပြလိုတဲ့အခါ “လည်း” ကိုသုံးရကြောင်း ဖွင့်ဆိုထားပါတယ်။

ဥပမာ -

“စစ်အစိုးရ စီမံဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် ကိစ္စရပ်များတွင် တစ်နိုင်ငံလုံးရေကြီးရေလျှံခြင်းပြဿနာလည်း ပါဝင်သည်။”

“ထို့ပြင် ကာလကြာရှည်စွာ လောင်မြိုက်နေသော ပြည်တွင်းစစ်မီးကိုလည်း ထည့်သွင်းရလိမ့်မည်။”

“ထိုသို့စီမံနိုင်သောအရည်အချင်းမရှိသည့်တိုင် တိုင်းပြည်၏အာဏာကိုလည်း ဆုပ်ကိုင်ထားလိုသေးသည်။”

“ထိုသူတို့သည် ယုတ်လည်း ယုတ်မာကြ၏။ ရက်လည်း ရက်စက်ကြ၏။ လူ့အန္ဓများဟူ၍သာ ခေါ်ထိုက်လှတော့၏။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ”စစ်အစိုးရ စီမံဆောင်ရွက်နိုင်ခြင်းမရှိသည့် ပြဿနာများ” တွင် “ ရေကြီးခြင်းပြဿနာ” အတူတကွပါဝင်ကြောင်း “လည်း” က ပြနေပါတယ်။

ဒုတိယဝါကျမှာ “စစ်အစိုးရ စီမံဆောင်ရွက်နိုင်ခြင်းမရှိသည့် ပြဿနာများ” တွင် “ကာလကြာရှည်စွာလောင်မြိုက်နေသော ပြည်တွင်းစစ်မီး” အတူတကွပါဝင်ကြောင်း “လည်း” က ပြနေပါတယ်။

တတိယဝါကျမှာ ထိုသို့စီမံနိုင်ခြင်းမရှိသည့်တိုင် သူတို့ “ဆုပ်ကိုင်ထားလိုသောအရာများ” တွင် “တိုင်းပြည်၏အာဏာ” အတူတကွပါဝင်ကြောင်း “လည်း” က ဖော်ပြနေပါတယ်။

စတုတ္ထဝါကျမှာ ထိုသူတွေဟာ “ယုတ်မာမှု” နဲ့ “ရက်စက်မှု” တို့ကို အတူတကွ ပြုကြောင်း “လည်း” က ပြနေကြောင်း “လည်း” က ဖော်ပြနေပါတယ်။

ဒါကြောင့် “အတူတကွ ပြုကြောင်း၊ ဖြစ်ကြောင်း၊ ရှိကြောင်း” “ပါဝင်ကြောင်း” “ ပေါင်းစည်းကြောင်း” ပြလိုတဲ့အခါ “လည်း” ကို သုံးရမှာဖြစ်ပါတယ်။

“လဲ” ကို တော့ မြန်မာအဘိဓာန်မှာ -

“လဲ ၁၊ ကြိ - တိမ်းစောင်းကျသည်။”

“လဲ ၂၊ ကြိ - ၁၊ တစ်ခုနှင့်တစ်ခု ဖလှယ်သည်။ ၂၊ တစ်ခုကို တစ်ခုနှင့်ပြောင်းသည်။”

“လဲ ၃၊ စည်း - [အပြော] အမေးသဘောသက်ရောက်သော ဝါကျအဆုံးသတ်စကားလုံး။”

“လဲ ၄၊ န - ၁၊ မွေ့ရာ ခေါင်းအုံး စသည်တွင် သွတ်သွင်းရသော အမျှင်ထွေးရသည့်အပင်။ ၂၊ လဲမျှင်ကဲ့သို့သော အမျှင်ထွေး။”

လို့ အနက် (၄) မျိုး ဖွင့်ဆိုထားပါတယ်။

အနက် (၁) က ကြိယာအနက်ဖြစ်ပါတယ်။ “တိမ်းစောင်းကျ” ကြောင်းကို ပြလိုတဲ့အခါ သုံးကြောင်း ဖွင့်ဆိုထားပါတယ်။

ဥပမာ -

“ မြန်မာနိုင်ငံတော်တည်းဟူသော အိမ်ကြီးသည် ခရိုနီနှင့် စစ်အစိုးရတည်းဟူသော ခြများ စားသောက်ဖျက်ဆီးခဲ့ကြသဖြင့် လဲလုပြီ။”

“အာဏာရှင်တို့သည် ပညာရေးစနစ်ကို စနစ်တကျဖျက်ဆီးခဲ့ကြသောကြောင့် လူငယ်တို့၏ ကိုယ်ကျင့်တရားများ လဲပြိုကုန်ပြီ။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ ခရိုနီ နဲ့ အာဏာရအစိုးရတည်းဟူသော ခြများ စားသောက်ဖျက်ဆီးခဲ့သဖြင့် မြန်မာနိုင်ငံတော်တည်းဟူသော အိမ်ကြီး “တိမ်းစောင်းကျ” လုပြီဖြစ်ကြောင်း “လဲ” က ပြနေပါတယ်။

ဒုတိယဝါကျမှာ အာဏာရှင်တို့ ပညာရေးကို စနစ်တကျဖျက်ဆီးခဲ့သောကြောင့် လူငယ်တို့၏ကိုယ်ကျင့်တရားများ “တိမ်းစောင်းကျ” ကုန်ပြီ ဖြစ်ကြောင်း “လဲ” က ပြနေပါတယ်။

ဒါကြောင့် “တစ်စုံတစ်ခု တိမ်းစောင်းကျ” ကြောင်း ပြလိုတဲ့အခါ “လဲ” ကိုသုံးရမှာ ဖြစ်ပါတယ်။

အနက် (၂) ကလည်း ကြိယာအနက် ဖြစ်ပါတယ်။ “တစ်ခုနှင့်တစ်ခု ဖလှယ်” ကြောင်း၊ “တစ်ခုကို တစ်ခုနှင့်ပြောင်း” ကြောင်း ပြလိုတဲ့အခါ သုံးကြောင်း ဖွင့်ဆိုထားပါတယ်။

ဥပမာ -

“စစ်အစိုးရသည် ကာလကြာရှည်စွာ လောင်မြိုက်နေသော ပြည်တွင်းစစ်မီးငြိမ်းစေရန် လက်နက်နှင့် ငြိမ်းချမ်းရေး လဲ မည်ဟူသော ကြွေးကြော်သံဖြင့် လုပ်ဆောင်ခဲ့သော်လည်း မည်သည့်အခါကမျှ အောင်မြင်ခဲ့ခြင်းမရှိသည်မှာ ငြိမ်းချမ်းရေးကို တကယ်ပင် မလိုချင်၍လောဟု တွေးဖွယ်ဖြစ်လေသည်။”

“စစ်အစိုးရသည် ဘောင်းဘီနှင့် ပုဆိုး လဲ ၍ ဝတ်တတ်သော အရည်အချင်းကလွဲ၍ တိုင်းပြည်ကို ဦးဆောင်စီမံနိုင်သော အရည်အချင်း တစ်ခုတလေမျှပင် မရှိချေ။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ တောက်လောင်နေသော ပြည်တွင်းစစ်မီးငြိမ်းစေရန် စစ်အစိုးရ၏ ကြွေးကြော်သံ “လက်နက် နှင့် ငြိမ်းချမ်းရေး လဲလှယ်မည်” ဟူသောစကားတွင် “လက်နက်” နှင့် “ငြိမ်းချမ်းရေး” တစ်ခုနှင့်တစ်ခု ဖလှယ်ကြောင်း “လဲ” က ပြနေပါတယ်။

ဒုတိယဝါကျမှာ စစ်အစိုးရဟာ “ ဘောင်းဘီ” နှင့် “ပုဆိုး” ကိုသာ “တစ်ခုကို တစ်ခုနှင့်ပြောင်းကြောင်း” “လဲ” က ပြနေပါတယ်။

ဒါကြောင့် “တစ်ခုနှင့်တစ်ခု ဖလှယ်” ကြောင်း၊ “တစ်ခုကို တစ်ခုနှင့်ပြောင်း” ကြောင်း ပြလိုတဲ့အခါ “လဲ” ကို သုံးရမှာ ဖြစ်ပါတယ်။

အနက် (၃) က ပစ္စည်းအနက်ဖြစ်ပါတယ်။ အမေးသဘောသက်ရောက်တဲ့ စကားပြောဝါကျတွေရဲ့ အဆုံးသတ်မှာ ထားရတဲ့ စကားလုံးဖြစ်ပါတယ်။ “အမေးပစ္စည်း” လို့ ခေါ်ပါတယ်။

ဥပမာ -

“ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ကျူးကျော်၍ စေတီတည်သောကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ” ဟု သာ / ယဥ် ဝန်ကြီးကို မေးချင်လှ၏။

“ကွန်တိန်နာတစ်စီးစာရှိတဲ့ စိတ်ကြွရူးသွပ်ဆေးတွေမိတာ ဘာဆက်လုပ်မှာလဲ” ဟု စစ်အစိုးရကို မေးချင်လှ၏။

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာရော ဒုတိယဝါကျမှာပါ အမေးသဘောသက်ရောက်တဲ့ စကားပြောဝါကျတွေရဲ့အဆုံးသတ်မှာ “လဲ” ကို သုံးရကြောင်း တွေ့နိုင်ပါတယ်။

ဒါကြောင့် အမေးသဘောသက်ရောက်တဲ့ စကားပြောဝါကျတွေရဲ့အဆုံးသတ်မှာ အမေးပစ္စည်း “လဲ” ကိုသုံးရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဆက်စပ်ပြီးသိသင့်တာလေးတစ်ခုကို တစ်ပါတည်းပြောချင်ပါတယ်။ အဲဒီလို ဝါကျတွေရဲ့ အဆုံးသတ်မှာ ထားသုံးရတဲ့ “အမေးပစ္စည်း” ဟာ “လဲ” တစ်လုံးတည်း ရှိတာ မဟုတ်ပါဘူး။ “စ၊ နည်း၊ လော၊ လဲ၊ လား၊ တုံး” ဆိုပြီး (၆) လုံး ရှိပါတယ်။

ဥပမာ -

“ကျန်းမာတော်မူပါစ။”

“၂၀၂၀ ရွေးကောက်ပွဲမှာ သင် မည်သည့်ပါတီကို မဲပေးမည်နည်း။”

“သူတော်ကောင်းတို့ နှုတ်ဆိတ်နေကြဦးမည်လော။”

“စစ်အစိုးရဟာ နိုင်ငံသားတွေအကျိုးအတွက် ဘာတစ်ခုများ လုပ်ဖူးပါသလဲ။”

“ဒီအတိုင်း ကြည့်နေကြဦးမှာလား။”

“မတရားမှုကို ဘာကြောင့် သည်အတိုင်းကြည့်နေရတာတုံး။”

စသည်ဖြင့် ဝါကျရဲ့အဆုံးသတ်မှာ ထားပြီးသုံးပါတယ်။

အနက် (၄) က နာမ်အနက်ဖြစ်ပါတယ်။ အသုံးမှားစရာအကြောင်း မရှိပါ။ မွေ့ရာ၊ ခေါင်းအုံး စတာတွေပြုလုပ်တဲ့အခါ အတွင်းမှာ သွတ်သွင်းရတဲ့ “လဲမှို့” ကို ဆိုလိုပါတယ်။

ဒါကြောင့် “အတူတကွ ပြုကြောင်း၊ ဖြစ်ကြောင်း၊ ရှိကြောင်း” “ပါဝင်ကြောင်း” “ ပေါင်းစည်းကြောင်း” ပြလိုတဲ့အခါ “လည်း” ကို သုံးရမှာဖြစ်ပြီး ”တိမ်းစောင်းကျ” ကြောင်း၊ “တစ်ခုနှင့်တစ်ခု ဖလှယ်” ကြောင်း၊ “တစ်ခုကို တစ်ခုနှင့်ပြောင်း” ကြောင်း ပြလိုတဲ့အခါ “လဲ” ကို သုံးရမှာ ဖြစ်ပါတယ်။ ထို့အတူ “အမေးသဘောသက်ရောက်တဲ့ ဝါကျအဆုံးသတ်မှာလည်း “လဲ” ကိုသုံးရမှာ ဖြစ်ပါတယ်။ ထို့အတူ “မွေ့ရာ ခေါင်းအုံး စသည်တွင် သွတ်သွင်းရသော အမျှင်ထွေးရသည့်အပင်” “လဲမျှင်ကဲ့သို့သော အမျှင်ထွေး” ဖြစ်ကြောင်း ဖော်ပြလိုရင်လည်း “လဲ” ကို သုံးရမှာ ဖြစ်ပါတယ်။

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန် သုံးနိုင်ပါစေခင်ဗျာ။

စာကြွင်း
----------
စည်း - ပစ္စည်း
ကြိ - ကြိယာ
န - နာမ်

ကျမ်းကိုးစာရင်း
----------------
၁။ မြန်မာသဒ္ဒါ၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။
၂။ ပြည်သူ့အတွက် မြန်မာစကားပြေ၊ မောင်ခင်မင်(ဓနုဖြူ)၊ ဒုတိယအကြိမ်၊ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ၊ ကံ့ကော်ဝတ်ရည်စာပေ။
၃။ ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင်(ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။
၄။ မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

Comments


  1. စီးပွားရေးပိတ်ဆို့ခိုင်းတာ ဘာကြောင့်လဲ။
    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ အလျင်စလို လက်မှတ်မထိုးကြဖို့ ပြောခဲ့တာဘယ်သူလဲ။
    ဆိပ်ကမ်းမြို့နယ်မဲ‌ဆန္ဒနယ်ကို ဘာကြောင့် ဖျက်ခဲ့တာလဲ။
    ၂၀၁၆ ခုနှစ်နောက်ပိုင်း ရွေးကောက်ပွဲအငြင်းပွားမှုတွေမှာ အစိုးရပါတီကချည်း အနိုင်ရတာဘာကြောင့်လဲ။

    ReplyDelete
  2. အငြ​င်း​ သဘောသုံးတဲ့အခါ မဟုတ်သော်လည်း၊ မစားသော်လည်း၊ မဖြစ်သော်လည်းလို့ သုံးရမှာလား။ လဲ ကိုသုံးရမှာလား သိချင်ပါတယ်။ စကားပြောဆိုရာမှာ မဟုတ်ဘဲ စာရေးသားတဲ့နေရာမှာ သုံးချင်တာပါ။

    ReplyDelete
    Replies
    1. သိချင်ပေမဲ့ ရှာမရဘူးဖြစ်နေပါတယ် ။

      Delete
  3. ကျွန်တော့်တူကလေးရဲ့ကျောင်းစာအုပ်ကိုဖတ်ဖတ်နေတာ ကြာပါပြီ ။ ပညာရေးဝနိကြီးဌာနကထွက်လာပြီး သင်ရိုးညွှန်းတမ်းကော်မတီဆီကအတည်ပြုသတ်မှတ်ပေးခံထားရတဲ့ဖတ်စာအုပ်တိုင်းမှာ "လည်း" တစ်လုံးမှမတွေ့သလောက်ပါဘဲ ။ အကုန်လုံး လဲနဲ့ပဲ သုံးထားပါတယ် ။ လဲနှင့်လည်းအပြင် အခြားဝိရောဓ ဖြစ်စရာစကားလုံးတွေပါမှားယွင်းနေတာပါ ။ စာရေးသူတွေအမည်ကြည့်ရင် ဒေါက်တာနဲ့ပါမောက္ခကကိုမဆင်းပါဘူး ။ မူလတန်းကဘာသာစကားနဲ့ပညာရေးရဲ့အုတ်မြစ်ပါ ။ တရားဝင်ပညာရေးစနစ်ကနေအမှားတွေသူတို့ရယူနေရတာမျိုးကို ကျွန်တော်တို့ဘယ်လိုစိတ်ချနိုင်ပါ့မလဲ ။ အမှန်ပြင်ပေးတဲ့အခါ ကလေးကိုဆရာမတွေက ဆူပါတယ် ။ စာမေးပွဲမှာအမှတ်လျှော့ပါတယ် ။

    ReplyDelete

Post a Comment

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”