‘ချည်း’ နဲ့ ‘ကြီး’ အသုံးအကြောင်း


ဖေ့စ်ဘုတ်ပေါ်မှာ စာရေးတင်တဲ့အခါ ‘ချည်း’ နဲ့ ‘ကြီး’ အသုံးကို မကွဲပြားဘဲ မှားသုံးနေတာကို ကိုဇော်လင်းထွန်းက ထောက်ပြပြီး ‘ချည်း’ နဲ့ ‘ကြီး’ အသုံးအကြောင်း ရေးဖို့ ကျွန်တော့်ကို တိုက်တွန်းပါတယ်။ ကျွန်တော်က ‘ချည်း’ အသုံးအကြောင်းကို ‘နာမ်ထောက်ပစ္စည်းများအကြောင်း’ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးတင်ပြီးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ရှာရခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ကိုဇော်လင်းထွန်းရဲ့တိုက်တွန်းချက်နဲ့ ဒီစာကို ပြန်တင်ဖြစ်ပါတယ်။

နာမ်ထောက်ပစ္စည်းများအကြောင်း
——————————————

မြန်မာဘာသာစကားမှာ နာမ်၊ နာမ်စားတွေရဲ့ အနက်ကို ထူးခြားသွားအောင်၊ လေးနက်သွားအောင် လုပ်ပေးနိုင်တဲ့စကားလုံးလေးတွေရှိပါတယ်။ “နာမ်ထောက်ပစ္စည်း” လို့ခေါ်ပါတယ်။

ဥပမာ -

(၁) မုန့်တွေကို မောင်လှ စားတယ်။
(၂) မုန့်တွေကို မောင်လှချည်း စားတယ်။

ဆိုတဲ့ဝါကျနှစ်ခုကို ကြည့်ပါ။

ဝါကျ (၁) မှာ မုန့်တွေကို မောင်လှ စားကြောင်း သာမန်မျှသာပေါ်လွင်ပြီး ဝါကျ (၂) မှာ မုန့်တွေကို စားတဲ့လူဟာ မောင်လှတစ်ယောက်တည်းသာဖြစ်ကြောင်း ပိုင်းခြားကန့်သတ်ပြီး ပေါ်လွင်နေပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ဝါကျ (၁) မှာ မုန့်စားသူဟာ မောင်လှဖြစ်ကြောင်း သာမန်ပဲဖော်ပြထားပြီး ဝါကျ (၂) မှာတော့ မုန့်စားသူဟာ မောင်လှတစ်ယောက်တည်းဖြစ်ကြောင်း ပိုင်းခြားကန့်သတ်ပြီး ဖော်ပြထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အဲဒီလိုပိုင်းခြားကန့်သတ်ကြောင်းကို ဝါကျ (၂) မှာပါတဲ့ “ချည်း” ဆိုတဲ့စကားလုံးလေးက ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ “ချည်း” ဆိုတဲ့စကားလုံးလေးဟာ “ပိုင်းခြားကန့်သတ်ပြ“ ခြင်းအားဖြင့် “မောင်လှ” ဆိုတဲ့နာမ်ရဲ့အနက်ကို ထူးခြားအောင် ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် “ချည်း” ဟာ နာမ်၊ နာမ်စားတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ထောက်ပံ့ပေးတဲ့ နာမ်ထောက်ပစ္စည်းဖြစ်ပါတယ်။

နာမ်ထောက်ပစ္စည်း စကားလုံးတွေ မြန်မာဘာသာစကားမှာ အများအပြားရှိပါတယ်။ အဲဒီအထဲက အချို့ကတော့ “သာ၊ သာလျှင်၊ ချည်း၊ တော့၊ ပါ၊ ရော၊ လည်း၊ ပင်၊ တောင်၊ များ” ဆိုတဲ့စကားလုံးလေးတွေပါ။

“သာ၊ သာလျှင်၊ ချည်း၊ တော့” က နာမ်၊ နာမ်စားတွေရဲ့အနက်ကို “ပိုင်းခြားကန့်သတ်” ပြခြင်းအားဖြင့် ထူးခြားအောင်၊ လေးနက်အောင် ကူညီထောက်ပံ့ပေးပါတယ်။

ဥပမာ -
(၁) တစ်ရွာလုံးတွင် ဒေါက်တာကြီးသာ အသင့်တော်ဆုံးဟု ဝန်ချုပ်က ထင်သဖြင့် ဒေါက်တာကြီးကို သူကြီးခန့်အပ်လိုက်သည်။

(၂) ထိုရွာတွင် သူသာလျှင် သင့်တော်သူဖြစ်သည်လော။

(၃) လွှတ်တော်သို့တင်သွင်းသော အဆိုမှန်သမျှကို အစိတ်သားချည်း ကန့်ကွက်သည်။

(၄) အစိတ်သားသည် ပြည်သူ့မျက်နှာတော့ မကြည့်ချေ။

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ဝါကျ (၁) မှာ “သာ” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “ဒေါက်တာကြီး” ဆိုတဲ့ နာမ်ရဲ့အနက်ကို “ပိုင်းခြားကန့်သတ်” ခြင်းအားဖြင့် ထူးခြားအောင် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

ဝါကျ (၂) မှာ “သာလျှင်” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “သူ” ဆိုတဲ့နာမ်စားရဲ့အနက်ကို “ပိုင်းခြားကန့်သတ်” ခြင်းအားဖြင့် ကူညီထောက်ပံ့ ပေးနေကြောင်း တွေ့နိုင်ပါတယ်။

ဝါကျ (၃) မှာ “ချည်း” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “အစိတ်သား” ဆိုတဲ့ နာမ်ရဲ့အနက်ကို “ပိုင်းခြားကန့်သတ်” ခြင်းအားဖြင့် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

ဝါကျ (၄) မှာ “တော့” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “ပြည်သူ့မျက်နှာ” ဆိုတဲ့နာမ်ရဲ့အနက်ကို “ပိုင်းခြားကန့်သတ်” ခြင်းအားဖြင့် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

အကယ်၍ “သာ၊ သာလျှင်၊ ချည်း၊ တော့” ဆိုတဲ့ နာမ်ထောက်ပစ္စည်းတွေသာမပါရင် “ဒေါက်တာကြီး၊ သူ၊ အစိတ်သား၊ ပြည်သူ့မျက်နှာ” ဆိုတဲ့နာမ်တွေကို “ပိုင်းခြားကန့်သတ်” ပြနိုင်တော့မှာမဟုတ်ပါဘူး။

“ပါ၊ ရော၊ လည်း” က နာမ်၊ နာမ်စားတွေရဲ့အနက်ကို “ပေါင်းစည်း” ပြခြင်းအားဖြင့် ထူးခြားအောင်၊ လေးနက်အောင် ကူညီထောက်ပံ့ပေးပါတယ်။

ဥပမာ -

(၁) ယခုအချိန်၌ မြန်မာနိုင်ငံကို ထိခိုက်နစ်နာအောင် ပြုလုပ်နေသူများတွင် တပ်မတော်သားကိုယ်စားလှယ်များပါ ပါဝင်သည်။

(၂) တိုင်းပြည်ကို နစ်နာအောင်လုပ်သူများစာရင်းတွင် စိန်မျောက်မျောက်တို့ မြေးအဘိုးကိုရော ထည့်ရန်လိုအပ်သည်။

(၃) အထက်ပါစာရင်းတွင် သာသနာရိပ်အောက် ပုန်းခိုသူ သမ္မတဟောင်းကြီးကိုလည်း ထည့်သွင်းပါလေ။

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ဝါကျ (၁) မှာ “ပါ” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “တပ်မတော်သားကိုယ်စားလှယ်များ” ဆိုတဲ့နာမ် ကို “မြန်မာနိုင်ငံကို ထိခိုက်နစ်နာအောင် ပြုလုပ်နေသူများ” ဆိုတဲ့နာမ်နဲ့ “ပေါင်းစည်း” ပြခြင်းအားဖြင့် ထူးခြားလေးနက်သွားအောင် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

ဝါကျ (၂) မှာ “ရော” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “စိန်မျောက်မျောက်တို့မြေးအဘိုး” ဆိုတဲ့နာမ်ကို “တိုင်းပြည်ကိုနစ်နာအောင်လုပ်သူများ” ဆိုတဲ့နာမ်နဲ့ “ပေါင်းစည်း” ပြခြင်းအားဖြင့် ထူးခြားလေးနက်သွားအောင် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

ဝါကျ (၃) မှာ “လည်း” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “သာသနာရိပ်အောက်ပုန်းခိုသူ သမ္မတဟောင်းကြီး” ဆိုတဲ့နာမ်ကို “အထက်ပါစာရင်း” ဆိုတဲ့နာမ်နဲ့ “ပေါင်းစည်း” ပြခြင်းအားဖြင့် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

အကယ်၍ “ပါ၊ ရော၊ လည်း” ဆိုတဲ့ နာမ်ထောက်ပစ္စည်းတွေသာမပါရင် “တပ်မတော်သားကိုယ်စားလှယ်များ၊ စိန်မျောက်မျောက်တို့ မြေးအဘိုး၊ သာသနာရိပ်အောက် ပုန်းခိုသူ သမ္မတဟောင်းကြီး” ဆိုတဲ့နာမ်တွေကို “မြန်မာနိုင်ငံကို ထိခိုက်နစ်နာအောင် ပြုလုပ်နေသူများ၊ တိုင်းပြည်ကိုနစ်နာအောင်လုပ်သူများ၊ အထက်ပါစာရင်း” ဆိုတဲ့နာမ်တွေနဲ့ “ပေါင်းစည်း” ပြနိုင်တော့မှာမဟုတ်ပါဘူး။

“ပင်၊ တောင်” က နာမ်၊ နာမ်စားတွေရဲ့အနက်ကို “အလေးအနက်” ဖော်ပြခြင်းအားဖြင့် ထူးခြားအောင် ကူညီထောက်ပံ့ပေးပါတယ်။

ဥပမာ -

(၁) ၂၀၁၅ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုပင် ပြည်သူက အားကိုးကြသည်။

(၂) ပြည်သူများက ဦးသိန်းစိန်ကိုတောင် အရေးမလုပ်ကြတော့ပေ။

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ဝါကျ (၁) မှာ “ပင်” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “ဒေါ်အောင်ဆန်းစုကြည်” ဆိုတဲ့နာမ်ကို “အလေးအနက်ဖော်ပြကြောင်း” ပြခြင်းအားဖြင့် ထူးခြားအောင် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

ဝါကျ (၂) မှာ “တောင်” ဆိုတဲ့နာမ်ထောက်ပစ္စည်းဟာ “ဦးသိန်းစိန်” ဆိုတဲ့နာမ်ကို “အလေးအနက်ဖော်ပြကြောင်း” ပြခြင်းအားဖြင့် ထူးခြားအောင် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

အကယ်၍ “ပင်၊ တောင်” ဆိုတဲ့ နာမ်ထောက်ပစ္စည်းတွေသာ မပါရင် “ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်” ဆိုတဲ့နာမ်တွေဟာ “အလေးအနက်” ပြောတဲ့နာမ်တွေဖြစ်ကြောင်း ပေါ်လွင်မှာ မဟုတ်ပါဘူး။

“များ” က နာမ်၊ နာမ်စားတွေရဲ့အနက်ကို “သံသယရှိကြောင်း၊ စိတ်ကူးစိတ်သန်းဖြစ်ကြောင်း” ဖော်ပြခြင်းအားဖြင့် ထူးခြားလေးနက်အောင် ကူညီထောက်ပံ့ပေးပါတယ်။

ဥပမာ -

(၁) ငါ့လယ်လေးကို တပ်ကများ သိမ်းသွားဦးမှာလား မသိဘူး။
(၂) ဒေါက်တာကြီးများ ရှက်တတ်ပြီး ရာထူးလက်မခံရင် ဘယ်လောက်ကောင်းလိုက်မလဲ။

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ဝါကျ (၁) မှာ “များ” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “တပ်” ဆိုတဲ့နာမ်ကို “သံသယရှိကြောင်း” ပြခြင်းအားဖြင့် ထူးခြားလေးနက်အောင် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

ဝါကျ (၂) မှာ “များ” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “ဒေါက်တာကြီး” ဆိုတဲ့နာမ်ရဲ့ ရှက်ခြင်း၊ ရာထူးလက်မခံခြင်း ကို “စိတ်ကူးစိတ်သန်းဖြစ်ကြောင်း” ပြခြင်းအားဖြင့် ထူးခြားလေးနက်အောင် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

အကယ်၍ “များ” ဆိုတဲ့နာမ်ထောက်ပစ္စည်းသာမပါရင် “တပ်” ဆိုတဲ့နာမ်ဟာ “သံသယရှိခြင်းခံရတဲ့နာမ်” ဖြစ်ကြောင်း၊ “ဒေါက်တာကြီး” ဆိုတဲ့နာမ်ဟာ “စိတ်ကူးစိတ်သန်းသာဖြစ်ကြောင်း” ပေါ်လွင်တော့မှာ မဟုတ်ပါဘူး။

အခုဖော်ပြခဲ့တဲ့ “နာမ်ထောက်ပစ္စည်းများ” ဟာ မြန်မာဘာသာစကားမှာရှိတဲ့ နာမ်ထောက်ပစ္စည်းများအနက် အချို့သာဖြစ်ပါတယ်။
နာမ်ထောက်ပစ္စည်းတွေကို စနစ်တကျသုံးစွဲနိုင်ရင် မြန်မာစာရေးသားရာ၊ မြန်မာစကားပြောဆိုရာမှာ အနက်ကို ပိုမိုတိကျပေါ်လွင်အောင် ရေးသား၊ ပြောဆိုနိုင်လာမှာ ဖြစ်ပါတယ်။

အထက်ကဖော်ပြခဲ့တဲ့ နာမ်ထောက်ပစ္စည်းများထဲမှ ‘ချည်း’ နဲ့ ရေးရမယ့်အသုံးတွေမှာ ‘ကြီး’ နဲ့မှားရေးလေ့ရှိတာကို တွေ့ရပါတယ်။

ဥပမာ -

“လက်သည်ချည်း အားမကိုးနဲ့၊ ကိုယ်တိုင်လည်း ညှစ်ဦး”

လို့ သုံးရမှာကို

“လက်သည်ကြီး အားမကိုးနဲ့၊ ကိုယ်တိုင်လည်းညှစ်ဦး”

လို့ မှားသုံးတာမျိုးတွေ့ရပါတယ်။

လက်သည်ကို ကန့်သတ်ပြောတာဖြစ်လို့ ကန့်သတ်တဲ့အနက်ဆောင်တဲ့ ‘ချည်း’ ကို သုံးရမှာ ဖြစ်ပါတယ်။

‘ချည်း’ ရဲ့အနက်နဲ့ သုံးပုံကိုတော့ အထက်မှာ အကျယ်ပြောပြီးဖြစ်ပါတယ်။

‘ကြီး’ ကိုတော့ မြန်မာအဘိဓာန်မှာ -

ကြီး၊ နဝိ - ၁၊ မသေးသော။ မငယ်သော။ ၂၊ ပိုလွန်သော။ ကဲသော။ ၃။ အသက်ရင့်သော။

စည်း - ပူးတွဲပါပုဒ်ကို ထူးခြားလေးနက်စေသော စကားလုံး။ “ဖြူဖြူဖွေးဖွေးကြီး”

လို့ အနက်ဖွင့်ထားပါတယ်။

ဒါကြောင့် “ကြီးမားကြောင်း၊ ပိုလွန်ကြောင်း၊ အသက်အရွယ်ရင့်ကြောင်း” ဖော်ပြလိုတဲ့အခါမှာ ‘ကြီး’ ကိုသုံးရမှာ ဖြစ်ပါတယ်။

ဥပမာ - အဆာက်အအုံကြီး။ ရေကြီး။ အသက်ကြီး။

ပူးတွဲပါပုဒ်ကို လေးနက်စေလိုတဲ့အခါမှာလည်း ‘ကြီး’ ကိုသုံးရမှာ ဖြစ်ပါတယ်။

ဥပမာ - မောင်လှရဲ့မိန်းမဟာ မည်းမည်းတုတ်တုတ်ကြီးကွ။

ဒါကြောင့် ‘ပိုင်းခြားကန့်သတ်ကြောင်း’ ပြလိုတဲ့အခါမှာ ‘ချည်း’ ကိုသုံးရမှာ ဖြစ်ပြီး ‘ကြီးမားကြောင်း၊ ပိုလွန်ကြောင်း၊ အသက်အရွယ်ရင့်ကြောင်း’ ဖော်ပြလိုတဲ့အခါမှာ ‘ကြီး’ ကိုသုံးရမှာ ဖြစ်ပါတယ်ခင်ဗျာ။

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန်သုံးနိုင်ပါစေခင်ဗျာ။

ကျမ်းကိုးစာရင်း
----------
၁။ မြန်မာအဘိဓာန်၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့။

၂။ မြန်မာသဒ္ဒါ၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့။

၃။ ငယ်ပေါင်းကြီးဖော်မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။

Comments

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”