နာမ်ထောက်ပစ္စည်းများအကြောင်း

နာမ်ထောက်ပစ္စည်းများအကြောင်း
—————————————

မြန်မာဘာသာစကားမှာ နာမ်၊ နာမ်စားတွေရဲ့ အနက်ကို ထူးခြားသွားအောင်၊ လေးနက်သွားအောင် လုပ်ပေးနိုင်တဲ့စကားလုံးလေးတွေရှိပါတယ်။ “နာမ်ထောက်ပစ္စည်း” လို့ခေါ်ပါတယ်။

ဥပမာ -

(၁) မုန့်တွေကို မောင်လှ စားတယ်။

(၂) မုန့်တွေကို မောင်လှချည်း စားတယ်။

ဆိုတဲ့ဝါကျနှစ်ခုကို ကြည့်ပါ။

ဝါကျ (၁) မှာ မုန့်တွေကို မောင်လှ စားကြောင်း သာမန်မျှသာပေါ်လွင်ပြီး ဝါကျ (၂) မှာ မုန့်တွေကို စားတဲ့လူဟာ မောင်လှတစ်ယောက်တည်းသာဖြစ်ကြောင်း ပိုင်းခြားကန့်သတ်ပြီး ပေါ်လွင်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဝါကျ (၁) မှာ မုန့်စားသူဟာ မောင်လှဖြစ်ကြောင်း သာမန်ပဲဖော်ပြထားပြီး ဝါကျ (၂) မှာတော့ မုန့်စားသူဟာ မောင်လှတစ်ယောက်တည်းဖြစ်ကြောင်း ပိုင်းခြားကန့်သတ်ပြီး ဖော်ပြထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီလိုပိုင်းခြားကန့်သတ်ကြောင်းကို ဝါကျ (၂) မှာပါတဲ့ “ချည်း” ဆိုတဲ့စကားလုံးလေးက ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ “ချည်း” ဆိုတဲ့စကားလုံးလေးဟာ “ပိုင်းခြားကန့်သတ်ပြ“ ခြင်းအားဖြင့် “မောင်လှ” ဆိုတဲ့နာမ်ရဲ့အနက်ကို ထူးခြားအောင် ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် “ချည်း” ဟာ နာမ်၊ နာမ်စားတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ထောက်ပံ့ပေးတဲ့ နာမ်ထောက်ပစ္စည်းဖြစ်ပါတယ်။

နာမ်ထောက်ပစ္စည်း စကားလုံးတွေ မြန်မာဘာသာစကားမှာ အများအပြားရှိပါတယ်။ အဲဒီအထဲက အချို့ကတော့ “သာ၊ သာလျှင်၊ ချည်း၊ တော့၊ ပါ၊ ရော၊ လည်း၊ ပင်၊ တောင်၊ များ” ဆိုတဲ့စကားလုံးလေးတွေပါ။

“သာ၊ သာလျှင်၊ ချည်း၊ တော့” က နာမ်၊ နာမ်စားတွေရဲ့အနက်ကို “ပိုင်းခြားကန့်သတ်” ပြခြင်းအားဖြင့် ထူးခြားအောင်၊ လေးနက်အောင် ကူညီထောက်ပံ့ပေးပါတယ်။

ဥပမာ -

(၁) ဦးသိန်းစိန်သည် တစ်ရွာလုံးတွင် သူသာ အတော်ဆုံးဟု ထင်နေသည်။

(၂) ထိုရွာတွင် ဦးရဲထွဋ်သာလျှင် လူလိမ်ဖြစ်သည်။

(၃) မုသားစကားများကို ပြန်ဝန်ချည်း ပြောသည်။

(၄) မြန်မာနိုင်ငံရှိ ပညာရှင်များတွင် ဦးသိန်းစိန်တော့ မပါချေ။

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ဝါကျ (၁) မှာ “သာ” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “သူ” ဆိုတဲ့ နာမ်စားရဲ့အနက်ကို “ပိုင်းခြားကန့်သတ်” ခြင်းအားဖြင့် ထူးခြားအောင် ကူညီထောက်ပံ့ပေးနေကြောင်းတွေ့နိုင်ပါတယ်။

ဝါကျ (၂) မှာ “သာလျှင်” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “ဦးရဲထွဋ်” ဆိုတဲ့နာမ်ရဲ့အနက်ကို “ပိုင်းခြားကန့်သတ်” ခြင်းအားဖြင့် ကူညီထောက်ပံ့ ပေးနေကြောင်း တွေ့နိုင်ပါတယ်။

ဝါကျ (၃) မှာ “ချည်း” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “ပြန်ဝန်” ဆိုတဲ့ နာမ်ရဲ့အနက်ကို “ပိုင်းခြားကန့်သတ်” ခြင်းအားဖြင့် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

ဝါကျ (၄) မှာ “တော့” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “ဦးသိန်းစိန်” ဆိုတဲ့နာမ်ရဲ့အနက်ကို “ပိုင်းခြားကန့်သတ်” ခြင်းအားဖြင့် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

အကယ်၍ “သာ၊ သာလျှင်၊ ချည်း၊ တော့” ဆိုတဲ့ နာမ်ထောက်ပစ္စည်းတွေသာမပါရင် “သူ၊ ဦးရဲထွဋ်၊ ပြန်ဝန်၊ ဦးသိန်းစိန်” ဆိုတဲ့နာမ်တွေကို “ပိုင်းခြားကန့်သတ်” ပြနိုင်တော့မှာမဟုတ်ပါဘူး။

“ပါ၊ ရော၊ လည်း” က နာမ်၊ နာမ်စားတွေရဲ့အနက်ကို “ပေါင်းစည်း” ပြခြင်းအားဖြင့် ထူးခြားအောင်၊ လေးနက်အောင် ကူညီထောက်ပံ့ပေးပါတယ်။

ဥပမာ -

(၁) လူလိမ်များထဲတွင် ဦးရဲထွဋ်လည်း ပါဝင်သည်။

(၂) တိုင်းပြည်ကို နစ်နာအောင်လုပ်သူများစာရင်းတွင် ဦးသိန်းစိန်ကိုရော ထည့်ရန်လိုအပ်သည်။

(၃) ငရဲပြည်သွားရမည့်သူများတွင် ပြန်ဝန်လည်း ပါလေ၏။

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ဝါကျ (၁) မှာ “လည်း” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “ဦးရဲထွဋ်” ဆိုတဲ့နာမ် ကို “လူလိမ်များ” ဆိုတဲ့နာမ်နဲ့ “ပေါင်းစည်း” ပြခြင်းအားဖြင့် ထူးခြားလေးနက်သွားအောင် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

ဝါကျ (၂) မှာ “ရော” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “ဦးသိန်းစိန်” ဆိုတဲ့နာမ်ကို “တိုင်းပြည်ကိုနစ်နာအောင်လုပ်သူများ” ဆိုတဲ့နာမ်နဲ့ “ပေါင်းစည်း” ပြခြင်းအားဖြင့် ထူးခြားလေးနက်သွားအောင် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

ဝါကျ (၃) မှာ “လည်း” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “ပြန်ဝန်” ဆိုတဲ့နာမ်ကို “ငရဲပြည်သွားရမည့်သူများ” ဆိုတဲ့နာမ်နဲ့ “ပေါင်းစည်း” ပြခြင်းအားဖြင့် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

အကယ်၍ “ပါ၊ ရော၊ လည်း” ဆိုတဲ့ နာမ်ထောက်ပစ္စည်းတွေသာမပါရင် “ဦးရဲထွဋ်၊ ဦးသိန်းစိန်၊ ပြန်ဝန်” ဆိုတဲ့နာမ်တွေကို “လူလိမ်များ၊ တိုင်းပြည်ကိုနစ်နာအောင်လုပ်သူများ၊ ငရဲပြည်သွားရမည်သူများ” ဆိုတဲ့နာမ်တွေနဲ့ “ပေါင်းစည်း” ပြနိုင်တော့မှာမဟုတ်ပါဘူး။

“ပင်၊ တောင်” က နာမ်၊ နာမ်စားတွေရဲ့အနက်ကို “အလေးအနက်” ဖော်ပြခြင်းအားဖြင့် ထူးခြားအောင် ကူညီထောက်ပံ့ပေးပါတယ်။

ဥပမာ -

(၁) ၂၀၁၅ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုပင် ပြည်သူက အားကိုးကြသည်။

(၂) ပြည်သူများက ဦးသိန်းစိန်ကိုတောင် အရေးမလုပ်ကြတော့ပေ။

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ဝါကျ (၁) မှာ “ပင်” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “ဒေါ်အောင်ဆန်းစုကြည်” ဆိုတဲ့နာမ်ကို “အလေးအနက်ဖော်ပြကြောင်း” ပြခြင်းအားဖြင့် ထူးခြားအောင် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

ဝါကျ (၂) မှာ “တောင်” ဆိုတဲ့နာမ်ထောက်ပစ္စည်းဟာ “ဦးသိန်းစိန်” ဆိုတဲ့နာမ်ကို “အလေးအနက်ဖော်ပြကြောင်း” ပြခြင်းအားဖြင့် ထူးခြားအောင် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

အကယ်၍ “ပင်၊ တောင်” ဆိုတဲ့ နာမ်ထောက်ပစ္စည်းတွေသာ မပါရင် “ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်” ဆိုတဲ့နာမ်တွေဟာ “အလေးအနက်” ပြောတဲ့နာမ်တွေဖြစ်ကြောင်း ပေါ်လွင်မှာ မဟုတ်ပါဘူး။

“များ” က နာမ်၊ နာမ်စားတွေရဲ့အနက်ကို “သံသယရှိကြောင်း၊ စိတ်ကူးစိတ်သန်းဖြစ်ကြောင်း” ဖော်ပြခြင်းအားဖြင့် ထူးခြားလေးနက်အောင် ကူညီထောက်ပံ့ပေးပါတယ်။

ဥပမာ -

(၁) ငါ့လယ်လေးကို တပ်ကများ သိမ်းသွားဦးမှာလား မသိဘူး။

(၂) ဦးရဲထွဋ်များ ရှက်တတ်ပြီး နုတ်ထွက်သွားရင် ဘယ်လောက်ကောင်းလိုက်မလဲ။

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ဝါကျ (၁) မှာ “များ” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “တပ်” ဆိုတဲ့နာမ်ကို “သံသယရှိကြောင်း” ပြခြင်းအားဖြင့် ထူးခြားလေးနက်အောင် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

ဝါကျ (၂) မှာ “များ” ဆိုတဲ့ နာမ်ထောက်ပစ္စည်းဟာ “ဦးရဲထွဋ်” ဆိုတဲ့နာမ်ရဲ့ ရှက်ခြင်း၊ နုတ်ထွက်ခြင်း ကို “စိတ်ကူးစိတ်သန်းဖြစ်ကြောင်း” ပြခြင်းအားဖြင့် ထူးခြားလေးနက်အောင် ကူညီထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။

အကယ်၍ “များ” ဆိုတဲ့နာမ်ထောက်ပစ္စည်းသာမပါရင် “တပ်” ဆိုတဲ့နာမ်ဟာ “သံသယရှိခြင်းခံရတဲ့နာမ်” ဖြစ်ကြောင်း၊ “ဦးရဲထွဋ်” ဆိုတဲ့နာမ်ဟာ “စိတ်ကူးစိတ်သန်းသာဖြစ်ကြောင်း” ပေါ်လွင်တော့မှာ မဟုတ်ပါဘူး။

အခုဖော်ပြခဲ့တဲ့ “နာမ်ထောက်ပစ္စည်းများ” ဟာ မြန်မာဘာသာစကားမှာရှိတဲ့ နာမ်ထောက်ပစ္စည်းများအနက် အချို့သာဖြစ်ပါတယ်။

နာမ်ထောက်ပစ္စည်းတွေကို စနစ်တကျသုံးစွဲနိုင်ရင် မြန်မာစာရေးသားရာ၊ မြန်မာစကားပြောဆိုရာမှာ အနက်ကို ပိုမိုတိကျပေါ်လွင်အောင် ရေးသား၊ ပြောဆိုနိုင်လာမှာ ဖြစ်ပါတယ်။

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန်သုံးနိုင်ပါစေခင်ဗျာ။

ကျမ်းကိုးစာရင်း
——————
၁။ မြန်မာအဘိဓာန်၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့။

၂။ မြန်မာသဒ္ဒါ၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့။

၃။ ငယ်ပေါင်းကြီးဖော်မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။

Comments

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”