"တည်း" နှင့် "ထဲ" အကြောင်း

"တည်း" နှင့် "ထဲ" အကြောင်း
--------------------
မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတတ်တဲ့အထဲ "တည်း" နဲ့ "ထဲ" လည်း ပါဝင်ပါတယ်။

ဥပမာ -

"မိမိတစ်ယောက် 'ထဲ' အမှိုက်မကောက်ရုံမျှဖြင့် ဘာမျှဖြစ်မသွားဟူသော အယူအဆသည် ယနေ့အချိန်အခါ မျိုးတွင် မှားယွင်းသောအယူအဆသာဖြစ်သည်ဟု ဆိုချင်ပါသည်" လို့ ရေးရမှာလား၊ "မိမိတစ်ယောက် 'တည်း' အမှိုက်မကောက်ရုံမျှဖြင့် ဘာမျှဖြစ်မသွားဟူသော အယူအဆသည် ယနေ့အချိန်အခါမျိုးတွင် မှားယွင်းသော အယူအဆသာဖြစ်သည်ဟု ဆိုချင်ပါသည်" လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။

"နှမ်းတစ်လုံး 'ထဲ' နဲ့ ဆီမဖြစ်ပါဘူးကွာ" လို့ ရေးရမှာလား။ "နှမ်းတစ်လုံး 'တည်း' နဲ့ ဆီမဖြစ်ပါဘူးကွာ" လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။

"တည်း" ကို မြန်မာအဘိဓာန်မှာ -

တည်း ၁ /တဲ/ ကြိ - ၁၊ ရပ်နားနေထိုင်သည်။

၂၊ ချည်နှောင်သည်။ ချုပ်ထိန်းသည်။

/တီး/ ၃၊ တိုက်ဆိုင်ညှိနှိုင်းသည်။ တည်းဖြတ်သည်။

တည်း ၂ စည်း - ၁၊ ပုဒ်တို့ကို လေးနက်အောင် ထောက်ပံ့သော စကားလုံး။ ၂၊ အရေအတွက် တို့ကို အတိအကျကန့်သတ်ခြင်းအနက်ဖြင့် လေးနက်စေသော စကားလုံး။

လို့ အနက် (၂) မျိုး ဖွင့်ဆိုထားပါတယ်။

အနက် (၁) က ကြိယာအနက် ဖြစ်ပါတယ်။ ကြိယာအနက် (၃) မျိုး ဖွင့်ဆိုထားပါတယ်။ ပထမအနက်က /တဲ/ လို့ အသံထွက်ရပြီး "ရပ်နားနေထိုင်" သည်ကို ပြလိုတဲ့အခါ သုံးကြောင်း အနက်ဖွင့်ထားပါတယ်။

ဥပမာ -

"အစိုးရအဖွဲ့ဝင်နေရာဆိုသည်မှာ နိုင်ငံသားတို့ကောင်းကျိုးကို သယ်ပိုးပေးမည့်ပုဂ္ဂိုလ်များ ခေတ္တ 'တည်း' ရာ နေရာသာ ဖြစ်သင့်ပြီး တစ်သက်တာပတ်လုံး အပိုင်သိမ်းထားရမည့် နေရာမျိုး မဟုတ်ချေ။"

"ထို့အတူ နိုင်ငံပိုင်သယံဇာတများကို အရင်းပြု၍ ကိုယ်ကျိုးရှာသူများ အစိုးရအဖွဲ့ဝင်နေရာတွင် မ 'တည်း' နိုင်စေရန် ကြိုးပမ်းရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်သာ ဖြစ်သည်။"

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ အစိုးရအဖွဲ့ဝင်နေရာဟာ နိုင်ငံသားတို့ကောင်းကျိုးကို သယ်ပိုးပေးမည့် ပုဂ္ဂိုလ်များ ခေတ္တ 'ရပ်နားနေထိုင်' သည့်နေရာ ဖြစ်ကြောင်း 'တည်း' က ပြနေပါတယ်။

ဒုတိယဝါကျမှာ နိုင်ငံသားတိုင်းကြိုးပမ်းရမည့်တာဝန်မှာ နိုင်ငံပိုင်သယံဇာတများကိုအရင်းပြု၍ ကိုယ်ကျိုး ရှာသူများ အစိုးရအဖွဲ့ဝင်နေရာမှာ 'ရပ်နားနေထိုင်' ခြင်း မပြုနိုင်စေရန် ဖြစ်ကြောင်း 'တည်း' က ပြနေပါ တယ်။

ဒုတိယအနက်ကလည်း /တဲ/ လို့ အသံထွက်ပြီး 'ချည်နှောင်' 'ချုပ်ထိန်း' သည်ကို ပြလိုတဲ့အခါ သုံးကြောင်း အနက်ဖွင့်ထားပါတယ်။

ဥပမာ -

"အစိုးရနှင့် ပြည်သူကြား တည်းထားသော ကြိုးမှာ 'အစိုးရလုပ်ငန်းလည်ပတ်နိုင်ရန် ပြည်သူက အခွန်ပေးခြင်း၊ အစိုးကရ ပြည်သူ့ဘဝတိုးတက်သာယာရေး ကြိုးပမ်းပေးခြင်း' တည်းဟူသော ကြိုးပင်ဖြစ်သည်။"

"ထိုသို့တည်းထားသောကြိုးကိုပျက်စီးအောင် တစ်ဖက်ဖက်က ဆောင်ရွက်လာပါက ထိုနိုင်ငံ၏ အခြေအနေ အရပ်ရပ်မှာ နိမ့်ကျသွားမည်သာဖြစ်သည်။"

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာရော ဒုတိယဝါကျမှာပါ အစိုးရနှင့် ပြည်သူတို့ကြားတွင် 'အစိုးရလုပ်ငန်း လည်ပတ်နိုင်ရန် ပြည်သူကအခွန်ပေးခြင်း၊ အစိုးကရ ပြည်သူ့ဘဝတိုးတက်သာယာရေး ကြိုးပမ်းပေးခြင်း' ဟူသောကြိုးဖြင့် 'ချည်နှောင်၊ ချုပ်ထိန်း' ထားကြောင်း 'တည်း' က ပြနေပါတယ်။

တတိယအနက်က /တီး/ လို့အသံထွက်ပြီး 'တိုက်ဆိုင်ညှိနှိုင်း' 'တည်းဖြတ်' သည်ကို ပြလိုတဲ့အခါ သုံးကြောင်း အနက်ဖွင့်ထားပါတယ်။

ဥပမာ -

"ရခိုင်သူမြတ်ရေးစပ်ခဲ့သော လောကသာရပျို့ကို ဆရာကြီးမင်းသုဝဏ်က တည်းဖြတ်ပြီး ၁၉၅၅ ခုနှစ်တွင် ကုသလဝတီပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့၏။"

"မောင်သုတ၏ 'စာဆိုတော်များအတ္ထုပ္ပတ္တိ' ကျမ်းကို ဆရာကြီးမောင်ခင်မင် (ဓနုဖြူ) က ဖြည့်စွက် တည်းဖြတ်ခဲ့သည်။"

ဆိုတဲ့ ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ ရခိုင်သူမြတ်ရေးဖွဲ့ခဲ့တဲ့ လောကသာရပျို့ကို ဆရာကြီးမင်းသုဝဏ်က 'တိုက်ဆိုင်ညှိနှိုင်း၊ တည်းဖြတ်' ကြောင်း 'တည်း' က ပြနေပါတယ်။

ဒုတိယဝါကျမှာ မောင်သုတပြုစုခဲ့တဲ့ စာဆိုတော်များအတ္ထုပ္ပတ္တိကျမ်းကို ဆရာကြီးမောင်ခင်မင် (ဓနုဖြူ) က 'တိုက်ဆိုင်ညှိနှိုင်း၊ တည်းဖြတ်' ကြောင်း 'တည်း' က ပြနေပါတယ်။

အနက် (၂) က ပစ္စည်းအနက် ဖြစ်ပါတယ်။ ပစ္စည်းအနက် (၂) မျိုး ဖွင့်ထားပါတယ်။ ပထမအနက်က 'ပုဒ်တို့ကို လေးနက်အောင် ထောက်ပံ့သော စကားလုံး' ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။

ဥပမာ -
"သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။"

"ကျွန်ုပ်တို့လူမျိုးများ စောင့်ထိန်းနေသည်ဆိုသော အမျိုးသားရေးဆိုသည်မှာ သောက်သုံးမကျ လှသော သဘောထားပင် ဖြစ်သည်တည်း။"

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ 'သူ' ဆိုတဲ့ 'နာမ်စားပုဒ်' ကို 'တည်း' က 'လေးနက်အောင်' အထောက်အပံ့ ပေးနေကြောင်း တွေ့နိုင်ပါတယ်။ 'သူတစ်ယောက်' ဟု ဆိုခြင်းထက် 'သူတည်းတစ်ယောက်' ဟု ဆိုခြင်းက ပိုမိုလေးနက်သွားစေကြောင်း တွေ့နိုင်ပါတယ်။

ဒုတိယဝါကျမှာလည်း 'ဖြစ် (သည်)' ဆိုတဲ့ 'ကြိယာပုဒ်' ကို 'တည်း' က 'လေးနက်အောင်' အထောက်အပံ့ ပေးနေကြောင်း တွေ့နိုင်ပါတယ်။ 'ဖြစ်သည်' ဟု ဆိုခြင်းထက် 'ဖြစ်သည်တည်း' ဟု ဆိုခြင်း က ပိုမိုလေးနက်သွားစေကြောင်း တွေ့နိုင်ပါတယ်။

ဒုတိယအနက်က 'အရေအတွက်တို့ကို အတိအကျကန့်သတ်ခြင်းအနက်ဖြင့် လေးနက်စေသော စကားလုံး' ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။

ဥပမာ -

"ဝင်ငွေရလမ်းချပြနိုင်သူများက ဝင်ငွေကျပ် သိန်း ၃၀၀ နှင့် အထက်ရှိလျှင် ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်း ဆောင်ရချိန်တွင် ဝင်ငွေရလမ်းချမပြနိုင်သူများ တစ်နည်းအားဖြင့် ငွေမည်းကိုင်ဆောင်သူများက ဝင်ငွေ ၁ ကျပ်မှ သိန်း ၁၀၀၀ အတွင်းရှိလျှင် ဝင်ငွေခွန် ၃ ရာခိုင်နှုန်းတည်းသာ ဆောင်ရမည်ဆိုသည်မှာ မည်သို့သော ဝင်ငွေခွန်ကောက်နည်းဖြစ်သည် ဆိုသည်ကို ကျွန်ုပ် လုံးဝနားမလည်နိုင်ချေ။"

"ယခုအချိန်တွင် အဖက်ဖက်က ယိုယွင်းပျက်စီးနေသော နိုင်ငံကို ပြန်လည်ပြုပြင်ပြီး လမ်းကောင်းပေါ်သို့ တင်ပေးနိုင်မည့်သူမှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းသာဖြစ် သည်ဟု ဆိုနိုင်ပါသည်။"

ဆိုတဲ့ ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ '၃ ရာခိုင်နှုန်း' ဆိုတဲ့ 'အရေအတွက်' ကို 'တည်း' က အတိအကျဖြစ်ကြောင်း ကန့်သတ်ပြီး လေးနက်စေကြောင်း တွေ့နိုင်ပါတယ်။

ဒုတိယဝါကျမှာလည်း 'တစ်ယောက်' ဆိုတဲ့ 'အရေအတွက်' ကို 'တည်း' က အတိအကျဖြစ်ကြောင်း ကန့်သတ်ပြီး လေးနက်စေကြောင်း တွေ့နိုင်ပါတယ်။

"ထဲ" ကို တော့ မွနျမာအဘိဓာနျမှာ -

ထဲ၊ ဝိ - အထဲ။ အတွင်း။

လို့ အနက်ဖွင့်ထားပါတယ်။ ဝိဘတ်အနက် ဖြစ်ပါတယ်။ 'အထဲ၊ အတွင်း' ဖြစ်သည်ကို ပြလိုတဲ့အခါ 'ထဲ' ကို သုံးကြောင်း ဖွင့်ဆိုထားတာဖြစ်ပါတယ်။

ဥပမာ -

"ပြိုကျသွားသော ဖားကန့်မြေစာပုံထဲတွင် ရေမဆေးကျောက်ရှာသူများ၏ မျှော်လင့်ချက်များနှင့်အတူ သူတို့၏ အသက်များပါ နစ်မြုပ်သွားလေတော့သည်။"

"ထို့ကြောင့် ၂၀၁၆ တွင် ဖွဲ့စည်းမည့် အစိုးရသစ်ထဲတွင် နိုင်ငံကိုရောင်းမစားမည့် အစိုးရအဖွဲ့ဝင်များသာ ရှိစေလိုတော့၏။"

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ ရေမဆေးကျောက်ရှာသူများ၏ မျှော်လင့်ချက်များနှင့်အတူ သူတို့၏အသက်များ နစ်မြုပ်သွားသည့်နေရာမှာ ဖားကန့်မြေစာပုံ 'အထဲ၊ အတွင်း' မှာ ဖြစ်ကြောင်း 'ထဲ' က ပြနေပါတယ်။

ဒုတိယဝါကျမှာ နိုင်ငံကိုရောင်းမစားမည့် အစိုးရအဖွဲ့ဝင်များ ရှိစေလိုသောနေရာမှာ ၂၀၁၆ တွင် ဖွဲ့စည်းမည့် အစိုးရသစ် 'အထဲ၊ အတွင်း' မှာ ဖြစ်ကြောင်း 'ထဲ' က ပြနေပါတယ်။

ဒါကြောင့် -

"ရပ်နားနေထိုင်" ကြောင်း၊ "ချည်နှောင်၊ ချုပ်ထိန်းသည်" ကြောင်း၊ "တိုက်ဆိုင်ညှိနှိုင်း၊ တည်းဖြတ်" ကြောင်း ပြလိုတဲ့အခါ "တည်း" ကို သုံးရမှာ ဖြစ်ပါတယ်။ "ပုဒ်တို့ကို လေးနက်အောင် ထောက်ပံ့" လိုတဲ့အခါ၊ "အရေအတွက်တို့ကို အတိအကျကန့်သတ်ခြင်းအနက်ဖြင့် လေးနက်စေ" လိုတဲ့အခါမှာလည်း "တည်း" ကို သုံးရမှာ ဖြစ်ပါတယ်။

"အထဲ၊ အတွင်း" ဖြစ်ကြောင်း ပြလိုတဲ့အခါမှာတော့ "ထဲ" ကို သုံးရမှာ ဖြစ်ပါတယ်။

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန်သုံးနိုင်ပါစေခင်ဗျာ။


စာကြွင်း
————

စည်း - ပစ္စည်း
ကြိ - ကြိယာ
ဝိ - ဝိဘတ်

ကျမ်းကိုးစာရင်း
———————

၁။ မြန်မာသဒ္ဒါ၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

၂။ ပြည်သူ့အတွက် မြန်မာစကားပြေ၊ မောင်ခင်မင်(ဓနုဖြူ)၊ ဒုတိယအကြိမ်၊ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ၊ ကံ့ကော်ဝတ်ရည်စာပေ။

၃။ ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင်(ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။

၄။ မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

Comments

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”