မြန်မာဘာသာစကားတွင်ရှိသော နာမ်ဝိဘတ်များအကြောင်း (အပိုင်း - ၁)

မြန်မာဘာသာစကားတွင်ရှိသော နာမ်ဝိဘတ်များအကြောင်း (အပိုင်း - ၁)

မနေ့က “နိုင်ငံတော်သမ္မတ၏ နိုင်ငံဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနား” ဆိုတဲ့ပွဲအကြောင်းကို ပြန်ဝန်ဦးရဲထွဋ်က တင်ထားတာကိုတွေ့လိုက်ပါတယ်။ အဲဒီအခမ်းအနား ခေါင်းစီးကိုတွေ့ပြီး ဒီစာကို ရေးဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခု ကျင်းပရာမှာ မြန်မာစာအရေးအသားကို သတိပြုရေးသင့်တယ်လို့ ထင်ပါတယ်။

မြန််မာဘာသာစကားမှာ “နာမ်ဝိဘတ်” ဆိုတဲ့ စကားလုံးလေးတွေရှိပါတယ်။ အဲဒီစကားလုံးလေးတွေက “နာမ်” “နာမ်စား” တွေရဲ့နောက်မှာ နေပြီး သူ့ရှေ့က “နာမ်” “နာမ်စား” တွေဟာ “ပြုလုပ်သူ (ကတ္တား)” ဖြစ်ကြောင်း၊ “ပြုလုပ်ခံ (ကံ)” ဖြစ်ကြောင်း၊ “ပိုင်ဆိုင်သူ” ဖြစ်ကြောင်း၊ “ထွက်ခွာရာနေရာ၊ အချိန်” ဖြစ်ကြောင်း စသည်ဖြင့် ခွဲခြားဖော်ပြပေးပါတယ်။

ဥပမာ -

“ကလေးငယ်သည် ယင်အုံနေသော သူတောင်းစားကို ယပ်ခတ်ပေးသည်။”

ဆိုတဲ့ဝါကျကို ကြည့်ပါ။

“ကလေးငယ်” ဆိုတဲ့နာမ်ပုဒ်ရဲ့နောက်မှာ “သည်” ဆိုတဲ့စကားလုံးလေး ရှိနေပါတယ်။ အဲဒီစကားလုံးလေးဟာ သူ့ရှေ့က နာမ်ပုဒ် “ကလေးငယ်” ဟာ “ယပ်ခတ်ခြင်းကိုပြုလုပ်သူ” တစ်နည်းအားဖြင့် “ကတ္တားပုဒ်” ဖြစ်ကြောင်း ဖော်ပြပေးနေပါတယ်။ အဲဒီလိုပဲ “သူတောင်းစား” ဆိုတဲ့နာမ်ပုဒ်ရဲ့နောက်မှာ “ကို” ဆိုတဲ့စကားလုံးလေး ရှိနေပါတယ်။ အဲဒီစကားလုံးလေးဟာ သူ့ရှေ့ကနာမ်ပုဒ် “သူတောင်းစား” ဟာ “ယပ်ခတ်ပေးခြင်းခံရသူ” တစ်နည်းအားဖြင့် “ကံပုဒ်” ဖြစ်ကြောင်း ဖော်ပြပေးနေပါတယ်။

အကယ်၍ အဲဒီဝါကျမှာ “သည်” “ကို” ဆိုတဲ့စကားလုံး နှစ်လုံး မပါဘူးဆိုပါက -

“ကလေးငယ် ယင်အုံနေသော သူတောင်းစား ယပ်ခတ်ပေးသည်။”

ဆိုတဲ့ပုံစံဖြစ်လာပါလိမ့်မယ်။ အဲဒီလိုဆိုရင် ကလေးငယ်က ယပ်ခတ်ပေးသူလား၊ သူတောင်းစားက ယပ်ခတ်ပေးသူလား မကွဲပြားနိုင်ပါဘူး။ “ကလေးငယ်ကို ယင်အုံနေသောသူတောင်းစားသည် ယပ်ခတ်ပေးသည်” လည်း ဖြစ်လာနိုင်ပါတယ်။

အဲဒီ “သည်” နဲ့ “ကို” ဟာ “နာမ်ဝိဘတ်” တွေ ဖြစ်ကြပါတယ်။ ဒါကြောင့် မြန်မာစာရေးသားရာမှာ “နာမ်ဝိဘတ်” တွေဟာ အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေတယ်လို့ ဆိုနိုင်ပါတယ်။

နောက်ဝါကျတစ်ခု ကြည့်ပါဦး။

“စစ်တပ်သည် လယ်သမားများ၏ မြေကို အတင်းအဓမ္မသိမ်းယူသွားသည်။”

ဒီဝါကျမှာ “လယ်သမားများ” ဆိုတဲ့နာမ်ပုဒ်ရဲ့နောက်မှာ “၏” ဆိုတဲ့ နာမ်ဝိဘတ် ရှိနေပါတယ်။ အဲဒီနာမ်ဝိဘတ် “၏” က သူ့ရှေ့က နာမ်ပုဒ် “လယ်သမားများ” ဟာ တစ်စုံတစ်ခုကို ပိုင်ဆိုင်ကြောင်း ဖော်ပြနေပါတယ်။ “မြေ” ရဲ့နောက်မှာ “ကို” ဆိုတဲ့ နာမ်ဝိဘတ်ရှိနေပါတယ်။ အဲဒီနာမ်ဝိဘတ် “ကို” က သူ့ရှေ့က နာမ်ပုဒ် “မြေ” ဟာ ပိုင်ဆိုင်ခြင်းခံရသောအရာဖြစ်ကြောင်း တစ်နည်းအားဖြင့် “ကံပုဒ်” ဖြစ်ကြောင်း ဖော်ပြပေးနေပါတယ်။ ဒါကြောင့် လယ်သမားများဟာ မြေကို ပိုင်ဆိုင်ကြောင်း ပေါ်လွင်လာရပါတယ်။ ဒါကြောင့် “၏” ဟာ “နာမ်ဝိဘတ် (ပိုင်ဆိုင်ခြင်းပြဝိဘတ်)” ဖြစ်ပြီး “ကို” ဟာ “နာမ်ဝိဘတ် (ကံဝိဘတ်)” ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ “နိုင်ငံတော်သမ္မတ၏ နိုင်ငံဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနား” ဆိုတဲ့ အခမ်းအနားခေါင်းစီးကို ပြန်ကြည့်ပါဦး။

“နိုင်ငံတော်သမ္မတ” ဆိုတဲ့ နာမ်ပုဒ်ရဲ့နောက်မှာ “၏” ဆိုတဲ့ နာမ်ဝိဘတ် တစ်နည်းအားဖြင့် “ပိုင်ဆိုင်ခြင်းပြဝိဘတ်” ရှိနေပါတယ်။ ဒါကြောင့် “နိုင်ငံတော်သမ္မတ” ဟာ တစ်ခုခုကို ပိုင်ဆိုင်သူ ဖြစ်ကြောင်း အဲဒီ “၏” က ဖော်ပြပေးနေပါတယ်။ တစ်နည်းအားဖြင့် “နိုင်ငံတော်သမ္မတ၏” ဆိုတဲ့ ပုဒ်ဟာ “ပိုင်ဆိုင်ခြင်းပြပုဒ်” ဖြစ်ပါတယ်။ အဲဒီပိုင်ဆိုင်ခြင်းပြပုဒ် “နိုင်ငံတော်သမ္မတ၏” နောက်မှာ “နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ” ဆိုတဲ့နာမ်ပုဒ်ရှိနေပါတယ်။ ဒါကြောင့် “နိုင်ငံတော်သမ္မတ” က “နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ” ကို ပိုင်ဆိုင်သကဲ့သို့ ဖြစ်နေပါတော့တယ်။ အများသူငါ ကဲ့ရဲ့ပြစ်တင်ဖွယ် အရေးအသားဖြစ်လာပါတော့တယ်။

အဲဒါဟာ “နာမ်ဝိဘတ်” ပါဝင်တဲ့ “ပုဒ်” တွေကို အထားအသို မှန်ကန်အောင် မရေးလို့ ဖြစ်ရတဲ့ အရေးအသားမှားယွင်းမှုလို့ ဆိုရမှာပါ။ အဲဒါကို မှန်ကန်အောင် -

“နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနား”

လို့ ပြင်လိုက်ရင် မမှားနိုင်တော့ပါဘူး။

အထက်က သာဓကတွေအရ မြန်မာစာရေးသားရာမှာ “နာမ်ဝိဘတ်” တွေဟာ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်နေတယ်ဆိုတာ မြင်သာလောက်ပါပြီ။

ဒါကြောင့် မြန်မာစာအရေးအသား မှန်ကန်ချင်ရင် “နာမ်ဝိဘတ်” များအကြောင်းကို ကျကျနနသိပြီး မှန်မှန်ကန်ကန်သုံးစွဲတတ်ဖို့လိုပါတယ်။

မြန်မာဘာသာစကားမှာ “ကတ္တား” “ကံ” “ ပိုင်ဆိုင်ခြင်းပြ” စတဲ့ နာမ်ဝိဘတ် (၁၇) မျိုး ရှိပါတယ်။

(ဆက်ရေးပါဦးမည်။)
-------------------

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန် သုံးစွဲနိုင်ကြပါစေခင်ဗျာ။

ကျမ်းကိုးစာရင်း
--------------

၁။ မြန်မာအဘိဓာန်၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့။

၂။ မြန်မာသဒ္ဒါ၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့။

၃။ ငယ်ပေါင်းကြီးဖော်မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။

၄။ မြန်မာသဒ္ဒါနှင့် အသုံးအနှုန်း၊ ဦးဖေမောင်တင်၊ ပဉ္စမအကြိမ်၊ ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ၊ စာပေဗိမာန်။

၅။ မြန်မာစာအရေးအသား၊ ကလောင်စုံ၊ ပထမအကြိမ်၊ ၂၀၁၄၊ သြဂုတ်လ၊ စိတ်ကူးချိုချိုစာပေ။

Comments

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း