မြန်မာဘာသာစကားတွင်ရှိသော နာမ်ဝိဘတ်များအကြောင်း (အပိုင်း - ၅)

မြန်မာဘာသာစကားတွင်ရှိသော နာမ်ဝိဘတ်များအကြောင်း (အပိုင်း - ၅)

မြန်မာဘာသာစကားတွင်ရှိသော နာမ်ဝိဘတ်များအကြောင်းကို ကျွန်တော်ရေးလာတာ အပိုင်း (၄) အထိ ရှိပါပြီ။

အခု အပိုင်း (၅) မှာ ကျန်တဲ့နာမ်ဝိဘတ်များထဲက “အသုံးခံပြဝိဘတ်” နဲ့ “အကြောင်းပြဝိဘတ်” တို့အကြောင်းကို ရေးချင်ပါတယ်။

(၆) အသုံးခံပြဝိဘတ်
------------------------
အသုံးခံပြဝိဘတ်ဆိုတာ မြန်မာဘာသာစကားမှာရှိတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။ အသုံးခံပြဝိဘတ် စကားလုံး (၂) လုံး ရှိပါတယ်။ “ဖြင့်” နဲ့ “နှင့်” တို့ ဖြစ်ပါတယ်။ အဲဒီစကားလုံးလေးဟာ နာမ်၊ နာမ်စားတွေရဲ့နောက်မှာနေပြီး သူ့ရှေ့မှာရှိတဲ့ နာမ်၊ နာမ်စားဟာ “အသုံးပြုခံရသည့်အရာ” ဖြစ်ကြောင်းကို ဖော်ပြပေးပါတယ်။

ဥပမာ -

“သမ္မတသည် “ ပြည်သူက လက်ခံလျှင် ဒုတိယအကြိမ်သက်တမ်းအတွက် စဉ်းစားပေးမည်ဟူသောစကား” ဖြင့် ပြည်သူကို စိတ်ဆင်းရဲသည်ထက်ဆင်းရဲအောင် ပြုလုပ်လေသည်။”

“အာဏာရအစိုးရသည် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း “မဲခိုးခြင်း” ဖြင့် အနိုင်ရရန် ကြိုးပမ်းလိမ့်ဦးမည်။”

“အာဏာရအစိုးရသည် မည်သည့်ကိစ္စမဆိုလုပ်ဆောင်ရာတွင် “အာဏာတည်မြဲရေး ဟူသော ရပ်တည်ချက်” နှင့် သာ လုပ်ဆောင်လေ့ရှိသည်။”

“ထို့ကြောင့် မဲစာရင်းရေတွက်ချိန်တွင် ပြည်သူတစ်ရပ်လုံးက “သတိ” နှင့် စောင့်ကြည့်ရန် လိုအပ်သည်။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ “ ပြည်သူ စိတ်ဆင်းရဲသည်ထက် ဆင်းရဲစေရန် သမ္မတအသုံးပြုသည့်အရာ”၊ တစ်နည်းအားဖြင့် “အသုံးခံပြပုဒ်” ဟာ “ ပြည်သူက လက်ခံလျှင် ဒုတိယအကြိမ်သက်တမ်းအတွက် စဉ်းစားပေးမည်ဟူသောစကား” ဖြစ်ကြောင်း “ ဖြင့်” က ပြနေပါတယ်။

ဒုတိယဝါကျမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရန် “အာဏာရအစိုးက အသုံးပြုမည့်အရာ” တစ်နည်းအားဖြင့် “အသုံးခံပြပုဒ်” ဟာ “မဲခိုးခြင်း” ဖြစ်ကြောင်း “ ဖြင့်” က ပြနေပါတယ်။

တတိယဝါကျမှာ မည်သည့်ကိစ္စမဆိုလုပ်ဆောင်ရာတွင် “အာဏာရအစိုးရ အသုံးပြုသည့် ရပ်တည်ချက်” တစ်နည်းအားဖြင့် “အသုံးခံပြပုဒ်” ဟာ “အာဏာတည်မြဲရေးဟူသော ရပ်တည်ချက်” ဖြစ်ကြောင်း “နှင့်” က ပြနေပါတယ်။

စတုတၳဝါကျမှာ မဲစာရင်းရေတွက်ချိန်တွင် စောင့်ကြည့်ရာ၌ ပြည်သူတစ်ရပ်လုံးက “အသုံးပြုရမည့်အရာ” တစ်နည်းအားဖြင့် “အသုံးခံပြပုဒ်” ဟာ “သတိ” ဖြစ်ကြောင်း “နှင့်” က ပြနေပါတယ်။

ဒါကြောင့် “ ဖြင့်” နဲ့ “နှင့်” တို့ဟာ “အသုံးပြုခံရသည့်အရာ” ဖြစ်ကြောင်းပြတဲ့ “အသုံးခံပြဝိဘတ်” တွေဖြစ်ပါတယ်။

ဝါကျဖွဲ့တဲ့အခါ အသုံးပြုခံရသည့်အရာဖြစ်ကြောင်း ဖော်ပြလိုတဲ့ နာမ်၊ နာမ်စားတွေနောက်မှာ အသုံးခံပြဝိဘတ် “ ဖြင့်၊ နှင့်” တို့ကို ကပ်ပြီးသုံးရမှာဖြစ်ပါတယ်။

(၇) အကြောင်းပြဝိဘတ်
-----------------------------
အကြောင်းပြဝိဘတ်ဆိုတာ မြန်မာဘာသာစကားမှာရှိတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။ အကြောင်းပြဝိဘတ် စကားလုံး (၂) လုံး ရှိပါတယ်။ “ကြောင့်” နဲ့ “ ဖြင့်” တို့ ဖြစ်ပါတယ်။ အဲဒီစကားလုံးလေးဟာ နာမ်၊ နာမ်စားတွေရဲ့နောက်မှာနေပြီး သူ့ရှေ့မှာရှိတဲ့ နာမ်၊ နာမ်စားဟာ “တစ်စုံတစ်ရာဖြစ်စေသောအကြောင်း” ဖြစ်ကြောင်းကို ဖော်ပြပေးပါတယ်။

ဥပမာ -

“ ပြန်ဝန်ကို ပြည်သူလူထုက ရွံမုန်းရခြင်းမှာ “မရိုးသားခြင်းနှင့် မနာလိုစိတ်ကြီးခြင်း” တို့ ကြောင့် ဖြစ်သည်။”

“ ပြည်သူတို့၏ မြေယာများကို အဓမ္မသိမ်းယူခြင်းကြောင့် စစ်တပ်အပေါ် ပြည်သူတို့ ပို၍ရွံမုန်းလာကြသည်။”

“မွေးဖွားစမြန်မာ့ဒီမိုကရေစီသည် လွှတ်တော်တွင်းမှ အစိတ်သားတို့ ပယောဂဖြင့် အညွန့်ကျိုးရလေပြီ။”

“အာဏာရအစိုးရ၏ အကျင့်ပျက်ချစားမှုဖြင့် မြန်မာ့သယံဇာတများ ကုန်လေပြီ။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ “ ပြန်ဝန်ကို ပြည်သူလူထုက ရွံမုန်းရခြင်းအကြောင်းအရင်း” တစ်နည်းအားဖြင့် “အကြောင်းပြပုဒ်” ဟာ ပြန်ဝန်၏ “မရိုးသားခြင်းနှင့် မနာလိုစိတ်ကြီးခြင်း” ဖြစ်ကြောင်း “ကြောင့်” က ပြနေပါတယ်။

ဒုတိယဝါကျမှာ “စစ်တပ်အပေါ် ပြည်သူတို့ ပို၍ရွံမုန်းလာခြင်း အကြောင်းအရင်း” တစ်နည်းအားဖြင့် “အကြောင်းပြပုဒ်” ဟာ “ပြည်သူတို့၏မြေယာများကို အဓမ္မသိမ်းယူခြင်း” ဖြစ်ကြောင်း “ကြောင့်” က ပြနေပါတယ်။

တတိယဝါကျမှာ “မွေးဖွားစမြန်မာ့ဒီမိုကရေစီ အညွန့်ကျိုးရခြင်းအကြောင်းအရင်း” တစ်နည်းအားဖြင့် “အကြောင်းပြပုဒ်” ဟာ “လွှတ်တော်တွင်းမှ အစိတ်သားတို့ ပယောဂ” ဖြစ်ကြောင်း “ဖြင့်” က ပြနေပါတယ်။

စတုတၳဝါကျမှာ “မြန်မာ့သယံဇာတများ ကုန်ရခြင်းအကြောင်းအရင်း” တစ်နည်းအားဖြင့် “အကြောင်းပြပုဒ်” ဟာ “အာဏာရအစိုးရ၏ အကျင့်ပျက်ခြစားမှု” ဖြစ်ကြောင်း “ဖြင့်” က ပြနေပါတယ်။

ဒါကြောင့် “ကြောင့်” နဲ့ “ဖြင့်” တို့ဟာ “တစ်စုံတစ်ရာဖြစ်စေသောအကြောင်း” ဖြစ်ကြောင်းပြတဲ့ “အကြောင်းပြဝိဘတ်” တွေဖြစ်ပါတယ်။

ဝါကျဖွဲ့တဲ့အခါ တစ်စုံတစ်ရာဖြစ်စေသောအကြောင်းဖြစ်ကြောင်း ဖော်ပြလိုတဲ့ နာမ်၊ နာမ်စားတွေနောက်မှာ အကြောင်းပြဝိဘတ် “ကြောင့်၊ ဖြင့်” တို့ကို ကပ်ပြီးသုံးရမှာဖြစ်ပါတယ်။

(ဆက်ရေးပါဦးမည်။)
-------------------------

စာကြွင်း
-------------
အသုံးခံပြဝိဘတ်မှာရော အကြောင်းပြဝိဘတ်မှာပါ “ဖြင့်” ပါနေကြောင်း သတိပြုမိပါလိမ့်မယ်။ “ဖြင့်” ဟာ “အသုံးခံပြ” လော “အကြောင်းပြ” လော ဆိုတာကိုတော့ ဝါကျတွင်းအသုံးပေါ်မူတည်၍သာ ခွဲခြားနိုင်ပါတယ်။

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန် သုံးစွဲနိုင်ကြပါစေခင်ဗျာ။

ကျမ်းကိုးစာရင်း
-------------------
၁။ မြန်မာအဘိဓာန်၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့။

၂။ မြန်မာသဒ္ဒါ၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့။

၃။ ငယ်ပေါင်းကြီးဖော်မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။

၄။ မြန်မာသဒ္ဒါနှင့် အသုံးအနှုန်း၊ ဦးဖေမောင်တင်၊ ပဉ္စမအကြိမ်၊ ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ၊ စာပေဗိမာန်။

၅။ မြန်မာစာအရေးအသား၊ ကလောင်စုံ၊ ပထမအကြိမ်၊ ၂၀၁၄၊ သြဂုတ်လ၊ စိတ်ကူးချိုချိုစာပေ။

Comments

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း