မြန်မာဘာသာစကားရှိ ဗျည်းများအကြောင်း (အပိုင်း - ၁)

မြန်မာဘာသာစကားရှိ ‘ဗျည်း’ များအကြောင်း (အပိုင်း - ၁)

ကမ္ဘာပေါ်မှာ ဘာသာစကားပေါင်း ၅၀၀၀ ကျော်ရှိတယ်လို့ ဘာသာစကားလေ့လာသူ ပညာရှင် တွေ ဆိုကြပါတယ်။ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) က ‘ဘာသာစကားကမ္ဘာကြီး’ လို့ပင် တင်စားခဲ့ပါ တယ်။ 

ဥပမာ - ‘တရုတ်ဘာသာစကား’ က စကားလုံးတွေဟာ စကားသံတစ်သံ အနက်တစ်ချက် ထွက်တဲ့ ‘ဧကဝဏ္ဏ’ စကားလုံးတွေ ဖြစ်ပြီး ‘မြန်မာဘာသာစကား’ က စကားလုံးတွေမှာ စကားသံ တစ်သံ အနက်တစ်ချက်ထွက်တဲ့ ‘ဧကဝဏ္ဏ’ စကားလုံးတွေရှိသလို အသံနှစ်သံ သုံးသံထွက်မှ အနက်တစ်ချက် ထွက်လေ့ရှိတဲ့ ‘ဗဟုဝဏ္ဏ’ စကားလုံးတွေ ရှိကြောင်းလည်း တွေ့နိုင်ပါတယ်။

‘မြန်မာဘာသာစကား’ ရဲ့ ဝါကျဖွဲ့ထုံးနဲ့ ‘အင်္ဂလိပ်ဘာသာစကား’ ရဲ့ ဝါကျဖွဲ့ထုံးကို နှိုင်းယှဉ် ကြည့်တဲ့အခါ မြန်မာဝါကျတွေမှာ ‘ကြိယာ’ ဟာ ဝါကျရဲ့ အဆုံးမှာ ထားဖွဲ့လေ့ရှိပြီး အင်္ဂလိပ်ဝါကျ တွေမှာ ကြိယာကို ‘ကတ္တား’ နောက်မှာ ထားဖွဲ့လေ့ရှိကြောင်း တွေ့နိုင်ပါတယ်။ 

အထက်က ပြခဲ့တဲ့ သာဓကတွေအရ ကမ္ဘာပေါ်မှာ ဘာသာစကားတွေ အများကြီးဖြစ်ကြောင်း၊ တစ်ခုနဲ့တစ်ခု ထပ်တူကျအောင် တူတဲ့ ဘာသာစကား မရှိကြောင်း ထင်ရှားပါပြီ။

အဲဒီလို မတူညီကွဲပြားတဲ့ ဘာသာစကားတွေမှာ တူညီတဲ့အချက်လည်း ရှိပါတယ်။ ဘာသာ စကားတိုင်းဟာ လူတွေရဲ့နှုတ်ကထွက်တဲ့ အသံတွေကို အသုံးပြုရတယ်၊ လူတွေရဲ့နှုတ်က ထွက်ပေါ် လာတဲ့ အသံတွေကို စကားသံလို့ ခေါ်တယ်၊ အဲဒီစကားသံတွေဟာ ‘ဗျည်းသံ’ နဲ့ ‘သရသံ’ ပေါင်းပြီး ထွက်လာတယ်ဆိုတဲ့ အချက်တွေဟာ ဘာသာစကားတိုင်းရဲ့ တူညီတဲ့အချက်တွေ ဖြစ်ပါတယ်။ 

ဒါကြောင့် လူတွေရဲ့နှုတ်ကထွက်တဲ့ စကားသံ ဖြစ်လာဖို့ ‘ဗျည်းသံ’ နဲ့ ‘သရသံ’ ပေါင်းရတယ်လို့ ဆိုနိုင်ပါပြီ။ 

ဒါဆိုရင် ‘ဗျည်းသံ’ ဆိုတာဘာပါလဲ။

လူတွေဟာ အပြင်ကလေကို နှာခေါင်း၊ ပါးစပ်တို့ကတစ်ဆင့် အဆုတ်ထဲရောက်အောင် ရှူသွင်းရပါတယ်။ ပြီးရင် အဆုတ်ထဲကလေကို အပြင်ပြန်ရောက်အောင် ခံတွင်းနဲ့ နှာခေါင်းကတစ်ဆင့် ပြန်ထုတ်ရပါတယ်။ အဲဒီလို ပြန်ထုတ်တဲ့အခါ အဆုတ်က တက်လာတဲ့လေဟာ လည်မျိုထဲမှာရှိတဲ့ အသံအိုးထဲကို ရောက်ပါတယ်။ အသံအိုးထဲရောက်တာနဲ့တစ်ပြိုင်နက် စကားသံဖြစ်လာနိုင်တဲ့ အသံတစ်မျိုး ဖြစ်လာပါတယ်။ အဲဒီအသံကို ‘မူလသံ’ လို့ ခေါ်ပါတယ်။ မူလသံဟာ အသံအိုးကနေ အထက်ကို ဆက်တက်လာတဲ့အခါ ခံတွင်းထဲ ရောက်လာပါတယ်။ ခံတွင်းထဲမှာ ‘အာခေါင်၊ သွား၊ လျှာ၊ နှုတ်ခမ်း၊ နှာတွင်း’ ဆိုတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ရှိပါတယ်။ အဲဒီအစိတ်အပိုင်းတွေက မူလသံပါတဲ့ လေကို ‘ပိတ်ဆို့’ သို့မဟုတ် ‘တားဆီး’ ပြီးမှ ခံတွင်းအပြင်ကို ထွက်ခွင့်ပေးလိုက်ပါတယ်။ အဲဒီလိုအင်္ဂါအစိတ်အပိုင်းတွေရဲ့ပိတ်ဆို့တားဆီးခြင်းကို ခံရပြီးမှ ခံတွင်းအပြင် ထွက်ခွင့်ရတဲ့အသံကို ‘ဗျည်းသံ’ လို့ ခေါ်ပါတယ်။ ‘ဗျည်းသံ’ ဖြစ်ပေါ်လာအောင် ပိတ်ဆို့တားဆီးလိုက်တဲ့ အင်္ဂါအစိတ်အပိုင်း တွေကို ‘စကားသံဖြစ်အင်္ဂါများ’ လို့ ခေါ်ပါတယ်။

ဥပမာ - အဆုတ်က တက်လာတဲ့လေဟာ အသံအိုးထဲရောက်လာပြီး မူလသံပါတဲ့လေ ဖြစ်လာပါတယ်။ မူလသံပါတဲ့လေဟာ ခံတွင်းထဲရောက်လာတဲ့အခါ ‘အထက်နှုတ်ခမ်း’ နဲ့ ‘အောက်နှုတ်ခမ်း’ ဆိုတဲ့ စကားသံဖြစ်အင်္ဂါအစိတ်အပိုင်းနှစ်ခုက ပိတ်ဆို့ပြီးမှ ခံတွင်းအပြင်ဘက်ကို ထွက်ခွင့်ပေးလိုက်တဲ့အခါ ‘ပ’ ‘ဖ’ ‘ဗ’ ‘ဘ’ ‘မ’ ဆိုတဲ့ ‘ဗျည်းသံ’ တွေ ဖြစ်လာကြောင်းကို လက်တွေ့ စမ်းသပ်ကြည့်နိုင်ပါတယ်။


(ဆက်ရေးပါဦးမည်။)

Comments

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”