မြန်မာဘာသာစကားတွင်ရှိသော နာမ်ဝိဘတ်များအကြောင်း (အပိုင်း - ၃)

မြန်မာဘာသာစကားတွင်ရှိသော နာမ်ဝိဘတ်များအကြောင်း (အပိုင်း - ၃)

မြန်မာဘာသာစကားတွင်ရှိသော နာမ်ဝိဘတ်များအကြောင်း (အပိုင်း - ၁) နဲ့ (အပိုင်း - ၂) ကို ကျွန်တော် ရေးခဲ့ပါပြီ။ (အပိုင်း - ၁)မှာ မြန်မာစာအရေးအသား မှန်ကန်ချင်ရင် “နာမ်ဝိဘတ်” များအကြောင်းကို ကျကျနနသိပြီး မှန်မှန်ကန်ကန်သုံးစွဲတတ်ဖို့လိုအပ်ကြောင်း၊ (အပိုင်း - ၂) မှာ နာမ်ဝိဘတ် (၁၇) မျိုးထဲက “ကတ္တားဝိဘတ်” အကြောင်းတို့ကို ရေးသားခဲ့ပါတယ်။

အခု (အပိုင်း - ၃) မှာ ကျန်တဲ့နာမ်ဝိဘတ်များထဲက “ကံဝိဘတ်” နဲ့ “ထွက်ခွာရာပြဝိဘတ်” တို့အကြောင်းကို ရေးချင်ပါတယ်။

(၂) ကံဝိဘတ်
-------------------

ကံဝိဘတ်ဆိုတာ မြန်မာဘာသာစကားမှာရှိတဲ့ စကားလုံးလေး ဖြစ်ပါတယ်။ ကံဝိဘတ် စကားလုံး (၁) လုံး သာ ရှိပါတယ်။ “ကို” ဖြစ်ပါတယ်။ အဲဒီစကားလုံးလေးဟာ နာမ်၊ နာမ်စားတွေရဲ့နောက်မှာနေပြီး သူ့ရှေ့မှာရှိတဲ့ နာမ်၊ နာမ်စားဟာ “ပြုလုပ်ခြင်းခံရသူ”၊ “ပြုလုပ်ခြင်းခံရသောအရာ” ဖြစ်ကြောင်းကို ဖော်ပြပေးပါတယ်။

ဥပမာ -

“လွှတ်တော်အတွင်းရှိ ပြည်သူက ရွေးကောက်တင်မြှောက်ထားခြင်းမရှိသော တစ်မတ်သားတို့သည် သူ့တို့ပထွေးအကျိုးကိုသာ ကြည့်သော ဦးနှောက်ကင်းမဲ့သည့် တိရစၧာန်သာသာ သတ္တဝါများပင် ဖြစ်သည်။”

“ဖြစ်နိုင်မည်ဆိုလျှင် တစ်မတ်သားတို့ကို တန်းစီ၍ရပ်ခိုင်းပြီး မျက်နှာများကို ကျွနု်ပ်သည် တံတွေးဖြင့် အားရပါးရ ထွေးချင်နေပေတော့သတည်း။”

“ယုတ်မာသည့်အရာတွင် ပြိုင်ဖက်ကင်းမဲ့သည့် အာဏာရအစိုးရကို ပြည်သူတို့က ဖြုတ်မချနိုင်မချင်း ပြည်သူတို့အနာဂတ်သည် မှောင်မိုက်နေဦးမည်သည်သာတည်း။”

“တိုင်းပြည်၏အနာဂတ်အတွက် အရေးတကြီးဆောင်ရွက်ရမည့်နေ့တွင် ခွင့်ယူသွားကြသော လွှတ်တော်အမတ်ဆိုသူများကို ကျွနု်ပ်သည် ပြည်ဖျက်များဟုသာ ဆိုချင်သည်။”

“အိုကြီးအိုမအရွယ်ရောက်သည်အထိ ခွေးမျိုးတို့ ယုတ်မာသမျှ ပြည်သူအတွက်ဟုခံယူကာ ခါးစည်းခံနေသော ဒေါ်အောင်ဆန်းစုကြည်ကိုသာ ကျွနု်ပ်သည် သနားမိတော့သည်။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ “ဦးနှောက်ကင်းမဲ့သည့် တိရစၧာန်သာသာ သတ္တဝါများဖြစ်သည့် တစ်မတ်သားတို့” ၏ “ကြည့်ခြင်းကိုခံရသည့်အရာ”၊ တစ်နည်းအားဖြင့် “ကံပုဒ်” ဟာ “သူတို့ပထွေးအကျိုး” ဖြစ်ကြောင်း “ကို” က ပြနေပါတယ်။

ဒုတိယဝါကျမှာ “ကျွနု်ပ်၏ တံတွေးဖြင့် ထွေးခြင်းကို ခံရသည့်အရာ” တစ်နည်းအားဖြင့် “ကံပုဒ်” ဟာ “တစ်မတ်သားတို့၏မျက်နှာများ” ဖြစ်ကြောင်း “ကို” က ပြနေပါတယ်။

တတိယဝါကျမှာ “ပြည်သူတို့၏ ဖြုတ်ချခြင်းကို ခံရမည့်သူ”၊ တစ်နည်းအားဖြင့် “ကံပုဒ်” ဟာ “ယုတ်မာသည့်အရာတွင် ပြိုင်ဖက်ကင်းမဲ့သည့် အာဏာရအစိုးရ” ဖြစ်ကြောင်း “ကို” က ပြနေပါတယ်။

စတုတၳဝါကျမှာ “ပြည်ဖျက်များဟု ကျွနု်ပ်၏ဆိုခြင်းကို ခံရသူများ”၊ တစ်နည်းအားဖြင့် “ကံပုဒ်” ဟာ “ခွင့်ယူသွားကြသော လွှတ်တော်အမတ်ဆိုသူများ” ဖြစ်ကြောင်း “ကို” က ပြနေပါတယ်။

ပဉ္စမဝါကျမှာ “ကျွနု်ပ်သနားခြင်းခံရသူ” တစ်နည်းအားဖြင့် “ကံပုဒ်” ဟာ “ဒေါ်အောင်ဆန်းစုကြည်” ဖြစ်ကြောင်း “ကို” က ပြနေပါတယ်။

ဒါကြောင့် “ကို” ဟာ “ပြုလုပ်ခြင်းခံရသောသူ”၊ “ပြုလုပ်ခြင်းခံရသောအရာ” ကို ပြတဲ့ “ကံဝိဘတ်” ဖြစ်ပါတယ်။

ဝါကျဖွဲ့တဲ့အခါ ပြုလုပ်ခြင်းခံရသောသူ၊ ပြုလုပ်ခြင်းခံရသောအရာကို ဖော်ပြလိုတဲ့ နာမ်၊ နာမ်စားတွေနောက်မှာ ကံဝိဘတ် “ကို” ကို ကပ်ပြီးသုံးရမှာဖြစ်ပါတယ်။

(၃) ထွက်ခွာရာပြဝိဘတ်
-------------------------------

ထွက်ခွာရာပြဝိဘတ်ဆိုတာ မြန်မာဘာသာစကားမှာရှိတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။ ထွက်ခွာရာပြဝိဘတ် စကားလုံး (၂) လုံး ရှိပါတယ်။ “မှ” နဲ့ “က” တို့ ဖြစ်ပါတယ်။ အဲဒီစကားလုံးလေးတွေဟာ နာမ်၊ နာမ်စားတွေရဲ့နောက်မှာနေပြီး သူ့ရှေ့မှာရှိတဲ့ နာမ်၊ နာမ်စားဟာ “ထွက်ခွာရာနေရာ” ဖြစ်ကြောင်းကို ဖော်ပြပေးပါတယ်။

ဥပမာ -

“အသုံးမကျသော အစိုးရ၏ စီမံခန့်ခွဲမှုကြောင့် သဘာဝသယံဇာတများသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သူခိုးဈေးဖြင့် ထွက်ခွာသွားကြလေပြီ။”

“ထိုသို့သောဖြစ်ရပ်များ ထပ်မဖြစ်ရစေရန် မည်သူ့ကိုမျှ ကိုယ်စားမပြုသော တစ်မတ်သားသည် လွှတ်တော်တွင်းမှ ချက်ချင်းထွက်ပေးရမည်။”

“အသုံးမကျသော သမ္မတသည် တိုင်းပြည်တွင် တစ်စုံတစ်ခုသောပြဿနာဖြစ်တိုင်း ချစ်ကြည်ရေးခရီးဟု အကြောင်းပြကာ မြန်မာနိုင်ငံက ထွက်သွားလေ့ရှိသည်။”

“ထိုသို့သော ဖြစ်ရပ်များထပ်မဖြစ်စေရန် အသုံးမကျသော အစိုးရတစ်ဖွဲ့လုံး အုပ်ချုပ်သူနေရာက ချက်ချင်းထွက်ပေးရမည်။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။

ပထမဝါကျမှာ “မြန်မာနိုင်ငံ” ဟာ “သဘာဝသယံဇာတများ သူခိုးဈေးဖြင့် ထွက်ခွာလာရာနေရာ” ဖြစ်ကြောင်း “မှ” က ပြနေပါတယ်။

ဒုတိယဝါကျမှာ “လွှတ်တော်” ဟာ “မည်သူ့ကိုမျှကိုယ်စားမပြုသော တစ်မတ်သား ချက်ချင်း ထွက်ခွာခဲ့ရမည့်နေရာ” ဖြစ်ကြောင်း “မှ” က ပြနေပါတယ်။

တတိယဝါကျမှာ “မြန်မာနိုင်ငံ” ဟာ “အသုံးမကျသော သမ္မတ ထွက်ခွာခဲ့ရာနေရာ” ဖြစ်ကြောင်း “က” က ပြနေပါတယ်။

စတုတၳဝါကျမှာ “အုပ်ချုပ်သူနေရာ” ဟာ “အသုံးမကျသော အစိုးရအဖွဲ့တစ်ဖွဲ့လုံး ချက်ချင်း ထွက်ခွာခဲ့ရမည့်နေရာ” ဖြစ်ကြောင်း “က” က ပြနေပါတယ်။

ဒါကြောင့် “မှ” နဲ့ “က” ဟာ “ထွက်ခွာရာနေရာ” ကို ပြတဲ့ “ထွက်ခွာရာပြဝိဘတ်” ဖြစ်ပါတယ်။

ဝါကျဖွဲ့တဲ့အခါ ထွက်ခွာရာနေရာကို ဖော်ပြလိုတဲ့ နာမ်၊ နာမ်စားတွေနောက်မှာ ထွက်ခွာရာပြဝိဘတ် “မှ” နဲ့ “က” ကို ကပ်ပြီးသုံးရမှာဖြစ်ပါတယ်။

(ဆက်ရေးပါဦးမည်။)
------------------------

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန် သုံးစွဲနိုင်ကြပါစေခင်ဗျာ။

ကျမ်းကိုးစာရင်း
------------------

၁။ မြန်မာအဘိဓာန်၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့။

၂။ မြန်မာသဒ္ဒါ၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့။

၃။ ငယ်ပေါင်းကြီးဖော်မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။

၄။ မြန်မာသဒ္ဒါနှင့် အသုံးအနှုန်း၊ ဦးဖေမောင်တင်၊ ပဉ္စမအကြိမ်၊ ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ၊ စာပေဗိမာန်။

၅။ မြန်မာစာအရေးအသား၊ ကလောင်စုံ၊ ပထမအကြိမ်၊ ၂၀၁၄၊ သြဂုတ်လ၊ စိတ်ကူးချိုချိုစာပေ။

Comments

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း