မြန်မာဘာသာစကားရှိ ဗျည်းများအကြောင်း (အပိုင်း - ၃)

မြန်မာဘာသာစကားရှိ ‘ဗျည်း’ များအကြောင်း (အပိုင်း - ၃)

“မြန်မာဘာသာစကားရှိ ‘ဗျည်း’ များအကြောင်း အပိုင်း (၂)” မှာ ဗျည်းဟာ သူ့ချည်းသက်သက် အသံမထွက်နိုင်ကြောင်း၊ သရကို အမှီပြုမှသာ အသံထွက်နိုင်ကြောင်း၊ မြန်မာဘာသာစကားမှာရှိတဲ့ ဗျည်းသံအရေအတွက်ကို ပညာရှင်အသီးသီးက အမျိုးမျိုးဆိုကြကြောင်း ပြောခဲ့ပါပြီ။

ဗျည်းသံတွေကို စာရေးတဲ့အခါမှာ အသုံးပြုနိုင်ဖို့ သင်္ကေတပြုလိုက်တဲ့အခါ ရလာတဲ့သင်္ကေတ တွေကို ဗျည်းအက္ခရာလို့ခေါ်ပါတယ်။

“မြန်မာဗျည်းအရေအတွက်နှင့်ပတ်သက်၍ ပညာရှင်များ အယူအဆကွဲပြားကြမည်ဖြစ်ပါသည်။ က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ ဇ၊ ဈ၊ ည၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ ယ၊ ရ၊ လ၊ သ၊ သ၊ ဟ၊ ဠ၊ အ ဟူ၍ ဗျည်း သုံးဆယ့်သုံးလုံးရှိသည်ဟူသော အယူအဆမှာ အများနားလည်လက်ခံထားသော အယူအဆဖြစ်ပါသည်။” ဟု ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) က ဆိုပါတယ်။ 

အထက်ကဖော်ပြခဲ့တဲ့ မြန်မာဗျည်း (၃၃) လုံးထဲမှာ ‘ဂ - ဃ၊ ဇ - ဈ၊ ဋ - တ၊ ဌ - ထ၊ ဍ - ဎ၊ ဒ - ဓ၊ ဏ - န၊ ဗ - ဘ၊ ယ - ရ၊ လ - ဠ’ ဆိုပြီး အသံတူ အရေးကွဲသောဗျည်းတွေ ပါဝင်နေပါတယ်။ အဲဒီဗျည်းတွေဟာ မြန်မာဘာသာစကားမှာ အသံတူအရေးကွဲဗျည်းတွေသာဖြစ်ပေမဲ့ ပါဠိဘာသာစကား မှာတော့ အသံလည်းမတူ အရေးလည်းကွဲတဲ့ ဗျည်းတွေဖြစ်ကြပါတယ်။ (ထိုအကြောင်းကို နောက်တွင် အကျယ်ဆိုပါမယ်။) မြန်မာဘာသာစကားဟာ ပါဠိဘာသာစကားနဲ့ ကင်းကွာလို့မရနိုင်တဲ့ ဘာသာ စကားဖြစ်ကြောင်း ထင်ရှားပါတယ်။ ပါဠိဘာသာစကားထဲက ဝေါဟာရတွေဟာ မြန်မာဘာသာစကား ထဲမှာ နေ့စဉ်သုံးဝေါဟာရတွေအဖြစ် အသားကျနေပါတယ်။ ဥပမာ - ဒါန၊ သံဃာ၊ ဒုက္ခ၊ ဥပေက္ခာ ဆိုတာတွေကို ကြည့်နိုင်ပါတယ်။ 

အထက်ကဖော်ပြခဲ့တဲ့ မြန်မာဗျည်း (၃၃) လုံးအနက် နောက်ဆုံးအလုံးဖြစ်တဲ့ ‘အ’ ဟာ အစဉ်အလာအရ ဗျည်းထဲမှာ ထည့်သွင်းဖော်ပြထားပေမဲ့ ‘သရ’ သာဖြစ်ပါတယ်။ (မြန်မာဘာသာစကား မှာ အခြေခံသရ (၁၁) လုံးရှိပါတယ်။ ‘အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို’ တို့ ဖြစ်ပါတယ်။ အဲဒီအခြေခံသရ (၁၁) လုံးမှာ ‘အ’ ပါတယ်ဆိုတာ တွေ့နိုင်ပါတယ်။)

ဒါကြောင့် မြန်မာဗျည်းများအကြောင်းကို ပြောဆိုရာမှာ အများနားလည်လက်ခံထားတဲ့ ‘မြန်မာဗျည်း (၃၃) လုံး’ အနက် သရဖြစ်တဲ့ ‘အ’ ကို ချန်လှပ်ပြီး ချဉ်းကပ်ပြောဆိုသွားပါမယ်။ 

‘ဗျည်းသံ’ ဟာ ခံတွင်းထဲမှာရှိတဲ့ စကားသံဖြစ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ပိတ်ဆိုတားဆီးခြင်းကို ခံရပြီးမှ အပြင်ကိုထွက်ခွင့်ရတဲ့အသံဖြစ်ကြောင်း ဆိုခဲ့ပါပြီ။ ပိတ်ဆို့တားဆီးဖို့ ခံတွင်းထဲက အင်္ဂါအစိတ်အပိုင်းတွေ ဘယ်လိုပြုမူလှုပ်ရှားကြပါသလဲ။ 

ခံတွင်းထဲမှာရှိတဲ့ စကားသံဖြစ်အင်္ဂါတွေကို လေ့လာကြည့်တဲ့အခါ ‘လှုပ်ရှားနိုင်တဲ့ စကားသံဖြစ် အင်္ဂါ’ နဲ့ ‘မလှုပ်ရှားနိုင်တဲ့စကားသံဖြစ်အင်္ဂါ’ ဆိုပြီး အုပ်စုနှစ်စုတွေ့ရပါတယ်။ ‘လည်ချောင်း’ ‘သွား’ ‘အာခေါင်’ ‘အထက်နှုတ်ခမ်း’ ‘နှာခေါင်း’ တို့ဟာ မလှုပ်ရှားနိုင်တဲ့ စကားသံဖြစ်အင်္ဂါတွေဖြစ်ပြီး ‘လျှာ’ ‘အောက်နှုတ်ခမ်း’ ‘လျှာခင်’ တို့ဟာ လှုပ်ရှားနိုင်တဲ့ စကားသံဖြစ်အင်္ဂါတွေဖြစ်ပါတယ်။ မလှုပ်ရှားနိုင်တဲ့ စကားသံဖြစ်အင်္ဂါတွေဆီကို လှုပ်ရှားနိုင်တဲ့စကားသံဖြစ်အင်္ဂါတွေက သွားထိပြီး မူလသံပါတဲ့လေကို ‘တားဆီး’ ‘ပိတ်ဆို့’ ခြင်းအားဖြင့် ဗျည်းသံဖြစ်ပေါ်စေပါတယ်။ 

‘မလှုပ်ရှားနိုင်တဲ့ စကားသံဖြစ်အင်္ဂါ’တေွဟာ ဗျည်းသံဖြစ်ပေါ်ရာ ‘နေရာ’ တွေဖြစ်ပြီး ‘လှုပ်ရှားနိုင်တဲ့ စကားသံဖြစ်အင်္ဂါ’ တွေဟာ ဗျည်းသံ ဖြစ်ပေါ်ဖို့အတွက် အကူအညီပေးတဲ့ ‘အရာ’ တွေ ဖြစ်ပါတယ်။ ဗျည်းသံ ဖြစ်ပေါ်ရာနေရာကို ‘ဌာန်’ လို့ ခေါ်ပြီး ဗျည်းသံဖြစ်ပေါ်ဖို့အတွက် အကူအညီပေးတဲ့အရာကို ‘ကရိုဏ်း’ လို့ခေါ်ပါတယ်။ ဒါကြောင့် ‘ဌာန်’ ဆီသို့ ‘ကရိုဏ်း’ က သွားထိပြီး မူလသံပါတဲ့လေကို ‘တားဆီး’ ‘ပိတ်ဆို့’ ရာက ဗျည်းသံဖြစ်ပေါ် လာတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာဘာသာစကားမှာရှိတဲ့ဗျည်းသံအသီးသီးဟာ ဘယ်ဌာန်ကို ဘယ်ကရိုဏ်းက သွားထိပြီး ဖြစ်ပေါ်လာသလဲဆိုတာ ဆက်ပြောပါဦးမယ်။
(ဆက်ရေးပါဦးမည်။)

ကျမ်းကိုးစာရင်း
၁။ မြန်မာစကား မြန်မာစာ ရုပ်ပုံလွှာ၊ မောင်ခင်မင် (ဓနုဖြူ)၊ ဒုတိယအကြိမ်၊ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ၊ ဓူဝံစာအုပ်တိုက်။
၂။ မြန်မာဘာသာစကားပညာရှင်များနှင့် ဘာသာစကားအမြင်၊ မောင်ခင်မင် (ဓနုဖြူ)၊ ဒုတိယအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ၊ ကံ့ကော်ဝတ်ရည်စာပေ။
၃။ တစ်သံ နှစ်သံ သုံးလေးသံ မြန်မာဘာသာစကားအကြောင်းစာစု၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ဓူဝံစာအုပ်တိုက်။
၄။ သက်တံရောင်စုံဘာသာစကား၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဧပြီလ၊ ကြယ်နီစာပေတိုက်။
၅။ စကားသမုဒ္ဒရာ စာသမုဒ္ဒရာ၊ မောင်ခင်မင် (ဓနုဖြူ)၊ ဒုတိယအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဩဂုတ်လ၊ အားမာန်သစ်စာပေ။
၆။ မြန်မာသဒ္ဒါ၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

၇။ မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

Comments

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”