အသုံးမှားတတ်သော "ပဲ" နှင့် "ဘဲ" အကြောင်း

အသုံးမှားတတ်သော “ပဲ” နဲ့ “ဘဲ”
————————————————

မြန်မာစာရေးတဲ့အခါ အသံထွက်ဆင်တူတဲ့အတွက် စာလုံးပေါင်းသတ်ပုံမှားတတ်တဲ့စကားလုံးတွေ အများကြီးရှိကြောင်း “မှီ၊ မီ”၊ “လျင်၊ လျှင်” အသုံးတွေကို သာဓကပြပြီး ကျွန်တော်ရေးခဲ့ပါတယ်။ အခုလည်း အသံထွက်ဆင်တူပြီး စာလုံးပေါင်းအမှားများတဲ့ “ပဲ” နဲ့ “ဘဲ” အကြောင်း နည်းနည်းပြောချင်ပါတယ်။

“ပဲ” ရဲ့အနက်ကို မြန်မာအဘိဓာန်မှာ -

“ပဲ ၁၊ န - အသီးအစေ့စားရသော အသီးတောင့်သီးသည့် အပင်မျိုး။

ပဲ ၂၊ စည်း - ၁၊ (အပြော) ရည်ညွှန်းသောပုဒ်ကို လေးနက်စေသော စကားလုံး။ “လူပဲ။ နတ်ပဲ”။ ၂၊ ကြိယာ၏အနက်ကို ကန့်သတ်လိုရာ၌ သုံးသော စကားလုံး။ “စားရုံပဲ စားသည်”။

ပဲ ၃၊ န - ၁၊ (တစ်ကျပ်သား၊ တစ်လက်မ၏) ဆယ့်ခြောက်ပုံတစ်ပုံ ပမာဏ။ ၂၊ (ဗြိတိသျှခေတ်သုံး) ငွေတစ်ကျပ်၏ ဆယ့်ခြောက်ပုံတစ်ပုံပမာဏ။ (ရှေးမြန်မာနိုင်ငံသုံး) ငွေတစ်ကျပ်၏ နှစ်ဆယ်ပုံတစ်ပုံ။”

လို့ အနက် ၃ ခု ဖွင့်ထားပါတယ်။ 

အနက် (၁) နဲ့ (၃) က အနက်မှား၊ အသုံးမှားစရာ အကြောင်းမရှိပါ။ အသုံးမှားနိုင်တာက အနက် (၂) ဖြစ်ပါတယ်။

အနက် (၁) နာမ်အနက်ဖြစ်ပါတယ်။ “အသီးအစေ့စားရသော အသီးတောင့်သီးသည့် အပင်မျိုး” ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။

ဥပမာ - 

“ဆင်းရဲသားတို့အတွက်မူကား အသားဓာတ်ရနိုင်ရန် ပဲကိုသာလျှင် အားကိုးအားထားပြုရလေသည်။”

ဆိုတဲ့ဝါကျမှာ “ပဲ” ဟာ “အသီးအစေ့စားရသော အသီးတောင့်သီးသည့် အပင်မျိုး” ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။

အနက် (၂) မှာ ပစ္စည်းအနက် (၂) မျိုးဖွင့်ဆိုထားပါတယ်။ ပထမအနက်က “ရည်ညွှန်းသောပုဒ်ကို လေးနက်စေသော  စကားလုံး” ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။

ဥပမာ - 

“မဘသတို့သည် သူတို့ပဲ အမျိုးဘာသာစောင့်တတ်သည်ဟု အထင်ရှိနေလေသည်။”

ဆိုတဲ့ဝါကျမှာ “ပဲ” ဟာ ရည်ညွှန်းသောပုဒ်ဖြစ်တဲ့ “သူတို့” ဆိုတဲ့နာမ်စားကို လေးနက်စေတဲ့စကားလုံးဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။

ဒုတိယအနက်က “ကြိယာရဲ့အနက်ကို ကန့်သတ်လိုတဲ့အခါ သုံးတဲ့စကားလုံး” ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။

ဥပမာ - 

“မဘသတို့သည် ပြဿနာကို ရှာရုံပဲ ရှာရဲသည်။ မဖြေရှင်းရဲကြပေ။”

ဆိုတဲ့ဝါကျမှာ “ပဲ” ဟာ “ရှာ” ဆိုတဲ့ကြိယာရဲ့အနက်ကို ကန့်သတ်ပြနေကြောင်း တွေ့ရပါလိမ့်မယ်။

အနက် (၃) မှာ နာမ်အနက် (၂) မျိုး ဖွင့်ဆိုထားပါတယ်။ ပထမအနက်က “တစ်ကျပ်သား သို့မဟုတ် တစ်လက်မရဲ့ ဆယ့်ခြောက်ပုံ တစ်ပုံပမာဏ” ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။

ဥပမာ - 

“ဦးမောင်လှသည် ရွှေတိုရွှေစများကို တစ်ပဲနှစ်ပဲ စသည်ဖြင့် စုဆောင်းခဲ့ရာမှ ရွှေသူဌေးဖြစ်လာခဲ့လေ၏။”

ဆိုတဲ့ဝါကျမှာ “ပဲ” ဟာ တစ်ကျပ်သား၏ ဆယ့်ခြောက်ပုံတစ်ပုံ ပမာဏဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။

“လက်သမားဆရာကြီးသည် အိမ်တည်ဆောက်ရာတွင် တစ်ပဲမျှကိုပင် အလွဲအချော်မခံသူဖြစ်သည်။”

ဆိုတဲ့ဝါကျမှာ “ပဲ” ဟာ တစ်လက်မ၏ ဆယ့်ခြောက်ပုံတစ်ပုံ ပမာဏဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။

ဒုတိယအနက်က “ဗြိတိသျှခေတ်သုံး ငွေတစ်ကျပ်၏ ဆယ့်ခြောက်ပုံတစ်ပုံပမာဏ သို့မဟုတ် ရှေးမြန်မာနိုင်ငံသုံး ငွေတစ်ကျပ်၏ နှစ်ဆယ်ပုံတစ်ပုံပမာဏ” ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။

ဥပမာ - 

“မဘသတို့ ပြဿနာရှာခြင်းခံရသော လူတို့၏ဘဝသည် တစ်ပဲနှစ်ပဲဖြင့် တည်ဆောက်ထားသော ဘဝများ မဟုတ်ကြချေ။”

ဆိုတဲ့ဝါကျမှာ “ပဲ” ဟာ ဗြိတိသျှခေတ်သုံး ငွေတစ်ကျပ်၏ ဆယ့်ခြောက်ပုံတစ်ပုံ သို့မဟုတ် ရှေးမြန်မာနိုင်ငံသုံး ငွေတစ်ကျပ်၏ နှစ်ဆယ်ပုံတစ်ပုံ” တန်ဖိုးပမာဏကို ဆိုလိုကြောင်း တွေ့ရပါလိမ့်မယ်။

“ဘဲ” ရဲ့အနက်ကို မြန်မာအဘိဓာန်မှာ -

“ဘဲ ၁၊ န - အတောင်ပါ၍ ခြေချောင်းအကြား အရေပြားဆက်ရှိသော ရေကူးတတ်သည့် သတ္တဝါ။

“ဘဲ ၂၊ စည်း - ကြိယာ၏အနက်ကို တားမြစ်လိုရာ၌သုံးသော စကားလုံး။ “မသွားဘဲ၊ မလာဘဲ”

“ဘဲ ၃၊ န - မိမိအထက် ဆွေမျိုးခုနစ်ဆက်တွင် ဆဋ္ဌမဆွေမျိုးဆက်။ ဘင်၏အဖေ။”

လို့ အနက် (၃) ခု ဖွင့်ထားပါတယ်။ အနက် (၁) နဲ့ (၃) က အနက်မှား၊ အသုံးမှားစရာ အကြောင်းမရှိပါ။ အသုံးမှားနိုင်တာက အနက် (၂) ဖြစ်ပါတယ်။

အနက် (၁) ဟာ နာမ်အနက် ဖြစ်ပါတယ်။ “အတောင်ပါပြီး ခြေချောင်းအကြား အရေပြားဆက်ရှိတဲ့ ရေကူးတတ်တဲ့ သတ္တဝါ” တစ်မျိုးဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။

ဥပမာ - 

“အပုန်းမကြီး မယ်ဂါးသည် သူငယ်ထောင်၍ မရနိုင်မှန်းသိသဖြင့် ဘဲကလေးကိုသာ အိမ်တွင် မွေးမြူထားရရှာ၏” :D :P

ဆိုတဲ့ဝါကျမှာ “ဘဲ” ဟာ အထက်ဖော်ပြပါသတ္တဝါကို ဆိုလိုကြောင်း တွေ့ရပါလိမ့်မယ်။

အနက် (၂) ဟာ ပစ္စည်းအနက် ဖြစ်ပါတယ်။ “ကြိယာရဲ့အနက်ကို တားမြစ်လိုတဲ့အခါ သုံးတဲ့စကားလုံး” ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။

ဥပမာ - 

“ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အသုံးမကျလှသော တိုင်းပြည်ကြီး၏ ပြဿနာအထွေထွေကို မဖြေရှင်းဘဲ သားများနှင့်သာ အေအေးဆေးဆေးပြန်နေစေချင်တော့သည်မှာ ကျွနု်ပ်၏ စိတ်ရင်းအမှန်ပင် ဖြစ်လေသည်။”

ဆိုတဲ့ဝါကျမှာ “ဘဲ” ဟာ “ဖြေရှင်း” ဆိုတဲ့ကြိယာရဲ့အနက်ကို တားမြစ်ချင်လို့ သုံးတဲ့စကားလုံး ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။

အနက် (၃) ဟာ နာမ်အနက်ဖြစ်ပါတယ်။ “မိမိအထက် ဆွေမျိုးခုနစ်ဆက်တွင် ဆဋ္ဌမဆွေမျိုးဆက်။ ဘင်၏အဖေ” ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။

ဥပမာ - 

“ကျွနု်ပ်၏ဘဲမှာ မဘသကို ဆန့်ကျင်ရှုတ်ချသူတစ်ဦးဖြစ်လေသည်။”

ဆိုတဲ့ဝါကျမှာ “ဘဲ” ဟာ “ဘင်၏အဖေ၊ ဆဋ္ဌမမြောက် အထက်မျိုးဆက်” ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။

ဒါ့အပြင် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ရဲ့ “လပြည့်ဝန်းနဲ့ဆင်စွယ်ဘီးကလေး” စာအုပ်၊ စာမျက်နှာ ၂၁ မှာလည်း -

““ဒီလူက အရက်သမားပဲ”၊ “ဒီကလေးက ကိုဘထွန်းရဲ့သား အငယ်ဆုံးပဲ”၊ “ဒါ ကျွန်တော်ပျောက်သွားတဲ့ နာရီပဲ” စသည်ဖြင့် လေးနက်အောင်သုံးပုံမျိုးတွင် “ပဲ” ကိုသုံးရသည်။”

““ဒီကလေးက ဆော့ပဲဆော့နိုင်လွန်းတယ်”၊ မင်းက စကားပဲများနေတယ်၊ အလုပ်တော့မလုပ်ဘူး”၊ “ငါ ဒီညနေ ထမင်းမချက်တော့ဘူး၊ ဆိုင်မှာပဲ စားတော့တယ်” စသည့်အသုံးများသည်လည်း လေးနက်သည့်သဘောသက်ရောက်သည်။ “ပဲ” ဟုပင် သုံးရသည်။”

““ထမင်းမစားဘဲ မပြန်နဲ့ဦး”၊ “မလာဘဲ မနေနဲ့”၊ “မခေါ်ဘဲ မသွားနဲ့”၊ “မတော်ဘဲ မဝတ်နဲ့” စသည့်အသုံးများတွင် “ဘဲ” ကိုသုံးသည်။ မဟုတ်သဘောဖြင့် ရှေ့မှာ “မ” တွဲပြီး သုံးရသည်။”

လို့ လမ်းညွှန်ထားပါတယ်။

ဒါကြောင့် နာမ်၊ နာမ်စားတွေ၊ ကြိယာတွေကို လေးနက်စေလိုတဲ့အခါမှာ “ပဲ” ကို သုံးရပြီး ကြိယာကို ဆန့်ကျင်တဲ့အနက်နဲ့ ကန့်သတ်လိုတဲ့အခါမှာ “ဘဲ” ကိုသုံးရမှာဖြစ်ပါတယ်။ “သူပဲစားနေတယ်၊ ငါ့တော့မကျွေးဘဲနဲ့” ဆိုတဲ့ဝါကျက “ပဲ၊ ဘဲ” အသုံးကိုကြည့်ရင် ဘယ်လိုသုံးရမယ်ဆိုတာ ရှင်းလောက်ပါပြီ။

ကျွန်တော်ကတော့ ပဲ၊ဘဲ အသုံးကို အလွယ်နည်းနဲ့ ယေဘုယျအားဖြင့် ခွဲခြားထားပါတယ်။ အဲဒါက - “ မ နောက် လိုက်တာ ဘဲ၊ ကျန်တာ ပဲ” ပါခင်ဗျာ။

စာကြွင်း
—————
န - နာမ်
စည်း - ပစ္စည်း။

ကျမ်းကိုးစာရင်း
——————————
၁။ မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။


၂။ လပြည့်ဝန်းနဲ့ ဆင်စွယ်ဘီးကလေး၊ မောင်ခင်မင်(ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၉ ခုနှစ်၊ မေလ၊ မြစ်ကွေ့စာအုပ်တိုက်။

Comments

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”