"တ" နှင့် "တစ်" ပြဿနာ

“တ” နှင့် “တစ်” ပြဿနာ
—————————————

“တ” နှင့် “တစ်” ပြဿနာသည် မြန်မာစာအရေးအသားတွင် အငြင်းပွားရဆုံးပြဿနာတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အချို့က ပြောသည့်စကားသံအတိုင်း ‘တခု’ ‘တယောက်’ ‘တရာ’ ‘အမှတ်တရ’ စသည်ဖြင့် ‘တစ်’ နှင့် ‘တ’ ကို မခွဲခြားဘဲ လက်ခံသုံးကြသည်လည်းရှိသည်။ အချို့ကမူ ‘ဖတ်တော့အသံ၊ ရေးတော့အမှန်’ ဟူသည့်မူအတိုင်း ‘တစ်ခု’ ‘တစ်ယောက်’ ‘တစ်ရာ’ ‘အမှတ်တရ’ စသည်ဖြင့် ‘တစ်’ နှင့် ‘တ’ ကို ခွဲခြား၍ လက်ခံကျင့်သုံးသည်လည်း ရှိသည်။ အချို့ကမူ “ ‘တ’ နှင့် ‘တစ်’ သည် မူလက အခွဲအခြားမရှိ၊ ဦးနေဝင်းအာဏာရှိစဉ်က ပြုစုရန်ညွှန်ကြားခဲ့သော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင်မှ ခွဲခြားသွားခဲ့ခြင်းဖြစ်သည်” ဟု မှတ်ထင်ယူဆပြီး လက်မခံကြသည်လည်းရှိသည်။ မည်သို့ပင်ဆိုစေကာမူ ‘တ’ နှင့် ‘တစ်’ သည် အရေးအသားပြဿနာတစ်ရပ်အဖြစ် ရှိနေသည်ဟု ဆိုနိုင်၏။

ထို ‘တ’ နှင့် ‘တစ်’ ပြဿနာကို ကျွန်တော်လေ့လာမိသည့်အတိုင်း ရှင်းလင်းလိုပါသည်။ ထိုသို့ရှင်းလင်းရာတွင် အကိုးအကားအဖြစ် “မောင်ခင်မင် (ဓနုဖြူ)’ ၏ “မြန်မာစကား မြန်မာစာ ရုပ်ပုံလွှာ”၊ “မြန်မာစာ မြန်မာစကားဝိုင်း”၊ “မြန်မာစာအဖွဲ့” ၏ “မြန်မာအဘိဓာန်”၊ “ဦးငြိမ်းမောင်” ၏ “ရှေးဟောင်းမြန်မာကျောက်စာများ - ပထမတွဲ၊ တတိယတွဲ” တို့ကို အကိုးအထောက်ပြု ရှင်းလင်းသွားမည် ဖြစ်ပါသည်။

ဦးစွာ “ပြောသည့်စကားသံအတိုင်း တခု၊ တယောက်၊ တရာ၊ အမှတ်တရ” စသည်ဖြင့် လက်ခံကျင့်သုံးလိုခြင်းနှင့် ပတ်သက်၍ ပြောလိုပါသည်။ 

မည်သည့်ဘာသာစကားတွင်မဆို စကားပြောဆိုရာတွင် ရှေ့စကားသံနှင့် နောက်စကားသံကြားမှာ မရပ်နားဘဲ တစ်ဆက်တစ်စပ်တည်း ပြောရသည့်အခါ ရှိသကဲ့သို့ စကားသံနှစ်သံကြားမှာ ပိုင်းဖြတ်ရပ်နားပြီး ပြောရသည့်အခါလည်း ရှိပါသည်။ စကားသံနှစ်သံကို တစ်ဆက်တစ်စပ်တည်း ပြောသည့်အခါ ရှေ့ကစကားသံ၏ အရှိန်သည် နောက်ကစကားသံကို လွှမ်းမိုးတတ်သည်။ ရှေ့စကားသံက သံပြင်း (ဃောသသံ) ဖြစ်ပြီး နောက်စကားသံက သံညင်း (အဃောသသံ) ဖြစ်လျှင် သံပြင်းကို အသံပြင်းပြင်းရွတ်ဆိုပြီး အသံရှိန်မပြတ်သေးဘဲ နောက်က သံညင်းကို အသံပျော့ပျော့နှင့် ရုတ်တရက်ပြောင်းလဲ ရွတ်ဆိုရန်မှာ အာထားလျှာထားမလွယ်သော အလုပ် ဖြစ်သည်။ သံပြင်းနှစ်ခုကို တစ်ဆက်တည်းရွတ်ဆိုရခြင်းကမူ အာထားလျှာထား ပို၍လွယ်သည်။ ထို့ကြောင့် အခက်ကိုလွယ်အောင် ရွတ်ဆိုတတ်သော လူ့သဘာဝအရ ရှေ့ကသံပြင်းအရှိန်အတိုင်း နောက်ကသံညင်းကိုလည်း သံပြင်းသို့ပြောင်းကာ တစ်ဆက်တည်း ရွတ်ဆိုတတ်ကြသည်။

ဥပမာ - “ကြာပန်း” ဟူသောစကားတွင် “ကြာ” သည် အသံရှိန်ရှိသော သံပြင်းဖြစ်သည်။ ရွတ်ဆိုသည့်အခါ ထိုသံပြင်း၏ အသံရှိန်ကြောင့် နောက်က “ပန်း” ဟူသောသံညင်းသည် /ဗန်း/ ဟူ၍ သံပြင်းအဖြစ်ပြောင်းလဲသွားရသည်။ ထို့အတူ “လူထု” ဟူသောစကားတွင်လည်း “လူ” သည် အသံရှိန်ရှိသော သံပြင်းဖြစ်သည်။ ထိုသံပြင်းအရှိန်ကြောင့် နောက်က “ထု” သံညင်းသည် /ဒု/ ဟူ၍ သံပြင်းအဖြစ် ပြောင်းလဲသွားရသည်။ 

ရှေ့ကစကားသံရော နောက်ကစကားသံပါ သံညင်း ဖြစ်နေလျှင်မူ ထိုသံညင်းအားလုံး သံပြင်းသို့ ပြောင်းသွားတတ်သည်။ 

ဥပမာ - “ဆံထိုး” ဟူသောစကားကို တစ်ဆက်တည်းရွတ်ဆိုသောအခါ /ဇဒိုး/ ဟူ၍ ရှေ့က “ဆံ” ရော နောက်က “ထိုး” ပါ သံပြင်းသို့ ပြောင်းသွားကြောင်း တွေ့နိုင်ပါသည်။ ထို့အတူ “ဆန်ကွဲ” မှ /ဇဂွဲ/၊ “ဆန်ခါ” မှ /ဇဂါ/ စသည်ဖြင့် ပြောင်းသွာကြောင်း တွေ့နိုင်ပါတယ်။ 

ရှေ့ကစကားသံသည် “သံညင်း (လေလျော့ဗျည်းသံ)” ဖြစ်၍ နောက်ကစကားသံသည် “သံပြင်း (လေတင်းဗျည်းသံ)” ဖြစ်လျှင်မူ ရှေ့စကားသံရော နောက်စကားသံပါ အသံပြောင်းသွားခြင်းမရှိပေ။

ဥပမာ - “တစ်ခု” ဟူသောစကားသံကို ရွတ်ဆိုရာတွင် /တခု/ ဟု အသံမပြောင်းဘဲရွတ်ဆိုရကြောင်း တွေ့နိုင်ပါသည်။ ထို့အတူ “တစ်ဆိုင်၊ တစ်ထပ်၊ တစ်ဖွဲ့” စသည့်စကားသံတို့တွင်လည်း အသံပြောင်းသွားခြင်းမရှိကြောင်း တွေ့နိုင်ပါသည်။

အထက်ပါဥပမာကိုကြည့်လျှင် မြန်မာဘာသာစကားတွင် စကားသံနှစ်သံကို တစ်ဆက်တည်းရွတ်ဆိုလျှင် ရှေ့က စကားသံဖြစ်စေ နောက်ကစကားသံဖြစ်စေ အသံပြောင်းသွားတတ်ကြောင်း၊ အချို့ စကားသံအတွဲအဖက်များတွင်မူ အသံမပြောင်းကြောင်း ထင်ရှားပါသည်။ (မြန်မာစကားသံများ အသံပြောင်းပုံသည် အထက်ပါပြောင်းပုံမျိုးသာမက အခြားပြောင်းပုံများလည်း ရှိပါသေးသည်။ အကျယ် သိလိုမူ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ) ၏ “မြန်မာစကား မြန်မာစာ ရုပ်ပုံလွှာ” စာအုပ်ကို ဖတ်ရန် ညွှန်းပါသည်။)

ထို့ကြောင့် ပြောသည့်စကားသံအတိုင်းရေးမည်ဟု လက်ခံကျင့်သုံးလိုပါမူ ‘တစ်ခု’ ‘တစ်ယောက်’ ဟူသည့် စကားသံများတွင် ရှေ့ကစကားသံရော နောက်ကစကားသံပါ မပြောင်းသည့်အတွက် အသံထွက်အတိုင်း ‘တခု’ ‘တယောက်’ ဟု ရေးနိုင်ပါသည်။ သို့သော် ‘တစ်ကောင်’ ဟူသောစကားသံတွင်မူ ရှေ့ကစကားသံ ‘တစ်’ သည် /ဒ/ သို့ ပြောင်းသွားသကဲ့သို့ နောက်ကစကားသံ ‘ကောင်’ သည် /ဂေါင်/ သို့ ပြောင်းသွားကြောင်း လက်တွေ့ရွတ်ခြင်းဖြင့် သိနိုင်ပါသည်။ အသံထွက်အတိုင်းရေးမည်ဟု လက်ခံကျင့်သုံးလိုပါမူ ထို ‘တစ်ကောင်’ ကို ‘ဒဂေါင်’ ဟု ရေးရမည်ဖြစ်သည်။ ထိုသို့ရေးလျှင် အဓိပ္ပာယ်မရှိနိုင်တော့ကြောင်း ထင်ရှားနေပါသည်။

ဤသည်ကို ကြည့်လျှင် “တ” နှင့် “တစ်” ကို အနက်မခွဲခြားဘဲ အသံထွက်သည့်အတိုင်း ‘တ’ ဟူ၍ တစ်သမတ်တည်းရေးရန် မဖြစ်နိုင်ကြောင်း ထင်ရှားလောက်ပါပြီ။

ဆက်လက်၍ “ ‘တ’ နှင့် ‘တစ်’ သည် မူလက အခွဲအခြားမရှိ၊ ဦးနေဝင်း အာဏာရှိစဉ်က ပြုစုရန်ညွှန်ကြားခဲ့သော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင်မှ ခွဲခြားသွားခဲ့ခြင်းဖြစ်၍ လက်မခံနိုင်” ဟူသော အဆိုနှင့်ပတ်သက်၍ ရှင်းလင်းလိုပါသည်။ 

ထိုအဆိုသည် မမှန်ပါ။ 

‘တ’ နှင့် ‘တစ်’ သည် မြန်မာစာအရေးအသား စတင်ပေါ်ပေါက်ရာခေတ်ဟု ပညာရှင်တို့ တညီတညွတ်တည်း လက်ခံခဲ့သော ပုဂံခေတ်ကတည်းက အခွဲအခြား ရှိခဲ့ပါသည်။ ပုဂံခေတ်ကတည်းကပင် ‘တ’ နှင့် ‘တစ်’ ကို အနက်အဓိပ္ပာယ်ပေါ် အခြေခံ၍ ခွဲခြားရေးသားခဲ့ကြောင်း အထောက်အထားများ တွေ့ရပါသည်။

သက္ကရာဇ် ၄၇၄ ခုနှစ်တွင် ရေးထိုးသော “ရာဇကုမာရ်ကျောက်စာ” ကြောင်းရေ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ တို့တွင်

။ဂြီ။ နမောဗုဒ္ဓါယ။ ပုရှာသ္ခင်သာသနာ အနှစ် တ
စ်ထောင် ခြောက်ရျာ နှစ်ဆာယ်ဟေတ်နှစ် လောန်
လိယ်ဗြီရကာ။ ဤယ်အရိမဒ္ဒနပုရ် မည်သုပြည်
နှိုက်အာ။ ဂြီတြိဘုဝနာဒိတျဓမ္မရာဇ်မည်သု မ
င် ဖ္လစ်ဧအ်။ ထိဝ်မင်ဧအ် ပါယ်မယာ တ
စ်ယောက်သုကာ တြိလောကဝဋံသကာဒေဝီ

ဟူ၍ ရေးထိုးထားပါသည်။ ရှင်းရှင်းလင်းလင်း ဖတ်ရှုနိုင်ရန် ယခုခေတ်ရေးထုံးနှင့် ဖလှယ်ရလျှင်

။ဂြီ။ နမောဗုဒ္ဓါယ။ ဘုရားသခင်သာသနာ အနှစ် တ
စ်ထောင့်ခြောက်ရာနှစ်ဆယ့်ရှစ်နှစ် လွန်
လေပြီးရကား။ ဤအရိမဒ္ဒနပူရ် မည်သော ပြည်
၌အား။ ဂြီတြိဘုဝနာဒိတျဓမ္မရာဇ်မည်သော မ
င် ဖြစ်၏။ ထိုမင်း၏ ပါယ်မယား တ
စ်ယောက်သောကား တြိလောကဝဋံသကာဒေဝိ

ဟူ၍ဖြစ်သည်။

ကြောင်းရေ ၁ တွင် ဘုရားရှိခိုးစာကို ရေးပြီးနောက် “ဘုရားသခင်သာသနာ အနှစ်” နောက်တွင် “တ” ကိုရေးထိုးထားသည်။ ကြောင်းရေ ၂ တွင် “စ်” ကို ဆက်၍ မမေ့မလျော့ရေးထိုးထားသည်။ ကိန်းဂဏန်း အရေအတွက် (၁) ကို ရေးရာတွင် “တစ်” ဟူ၍ ရေးသားခဲ့ကြောင်း ထင်ရှားသည့် အထောက်အထားတစ်ခုဖြစ်ပါသည်။ ကြောင်းရေ ၅ တွင်လည်း “ထိုမင်း၏ပါယ်မယား” နောက်တွင် “တ” ကို ရေးထိုးထားပြီး ကြောင်းရေ ၆ တွင် “စ်” ကို မမေ့မလျော့ ရေးထိုးထားပြန်ပါသည်။ “တစ်ယောက်” ဟူ၍ ကိန်းဂဏန်းအရေအတွက်သဘောကို ရေးရာတွင် “တစ်” ဟုရေးခဲ့ကြောင်း ထင်ရှားသည့် အထောက်အထားတစ်ခု ဖြစ်ပါသည်။

ထိုရာဇကုမာရ်ကျောက်စာ ကြောင်းရေ ၃၁၊ ၃၂၊ ၃၃ တို့တွင်လည်း -

၃၁ သုရှောဝ်နှိုက်တေ။ သက်မုနလောန် တစ်ရွောဟ်။ ရပါ
၃၂ ယ် တစ်ရွောဟ်။ ဟေန်ဗိုဝ် တစ်ရွောဟ်။ ဣယ်ကျောန်
၃၃ သုံရွောဟ် ယောရုယ္အ်ဧအ်။ ထိုဝ်ရာဇကုမာရ်မည်သု ပါယ်

ဟူ၍ ရေးထိုးထားပြန်ပါသည်။ ရှင်းရှင်းလင်းလင်း ဖတ်နိုင်ရန် ယခုခေတ်ရေးထုံးနှင့် ဖလှယ်ရလျှင်

၃၁ သရော၌တေး။ သက်မုနလွန် တစ်ရွာ။ ရပါ
၃၂ ယ် တစ်ရွာ။ ဟန်ဗို တစ်ရွာ။ ဤကျွန်
၃၃ သုံးရွာ ယော၍၏။ ထိုရာဇကုမာရ်မည်သော ပါယ်

ဟူ၍ ဖြစ်သည်။

ရာဇကုမာရ်က သူတည်သော ဂူဘုရားသို့ လှူဒါန်းသည့် ကျွန်ရွာများကို စာရင်းတွက်ပြထားခြင်းဖြစ်သည်။ ကျွန်ရွာ သုံးရွာပါဝင်သည်။ ထိုရွာသုံးရွာကို “သက်မုနလွန် တစ်ရွာ” “ရပါယ် တစ်ရွာ” “ဟန်ဗို တစ်ရွာ” ဟူ၍ ရေတွက်ပြထားခြင်းဖြစ်သည်။ “တစ်ရွာ” “တစ်ရွာ” ဟူ၍ ကိန်းဂဏန်း အရေအတွက်သဘော (၁) ကို ရေးသားရာတွင် “တစ်” ဟု ရေးသားခဲ့ကြောင်း ထင်ရှားသည့် အထောက်အထားတစ်ခုဖြစ်ပါသည်။

ပုဂံခေတ်တွင် ကိန်းဂဏန်းအရေအတွက် (၁) သဘောဆောင်လျှင် “တစ်” ဟု ရေးသားသကဲ့သို့ ကိန်းဂဏန်းအရေအတွက်သဘောမဆောင်လျှင် “တ” ဟု ရေးသားခဲ့ကြောင်းလည်း တွေ့ရပါသည်။

သက္ကရာဇ် ၆၃၄ ခုနှစ်တွင် ရေးထိုးသော “သခင်ဖွားစောကျောက်စာ (မိဖုရားဖွားစောကျောက်စာ)” ကြောင်းရေ ၁၅၊ ၁၆ တို့တွင်

၁၅ ရောက်စိယ်ကုန်ဧအ်။ ဤသိုဝ် ကြီစွာလျှင် ငါမူသော ကောင်မှု အက္လိုဖ္လင်။ နိယ်ရဗန် မရောက်သောကြာ။ လူဖ္လစ်သောကာ လူတကာထက် 

လို့ ရေးထိုးထားပါတယ်။ ရှင်းရှင်းလင်းလင်းဖတ်ရှုနိုင်ရန် ယခုခေတ်ရေးထုံးနှင့် ဖလှယ်ရလျှင်

၁၅ ရောက်စေကုန်၏။ ဤသို့ ကြီးစွာလျှင် ငါမူသော ကောင်းမှုအကျိုးဖြင့်။ နိဗ္ဗာန်မရောက်သောကြား။ လူဖြစ်သောကား လူတကာထက်
၁၆ မြတ်သော စည်းစိမ်ချမ်းသာ ငါရလို၏။ နတ်ဖြစ်သော်လည်း နတ်တကာထက် မြတ်သော နိုင်ငံသော အဆင်းအရောင်အဝါနှင့် ပြည့်စုံ၍ အထူးသဖြင့်

ဟူ၍ဖြစ်သည်။ 

သူပြုသောကောင်းမှုအကျိုးကြောင့် လူဖြစ်လျှင် လူတကာထက်မြတ်သော၊ နတ်ဖြစ်လျှင် နတ်တကာထက် မြတ်သောသူ ဖြစ်လိုကြောင်း မင်းဝိုင်းဖွားစောက ဆုတောင်းထားခြင်းဖြစ်သည်။ ထို “လူတကာ” “နတ်တကာ” ဟူသော စကားလုံးတွင် ကိန်းဂဏန်းအရေအတွက် (၁) သဘော မဆောင်သည့်အတွက် “တ” ချည်းသက်သက် ရေးခဲ့ကြောင်း ထင်ရှားသည့် အထောက်အထားတစ်ခု ဖြစ်ပါသည်။ 

ထို့ကြောင့် ပုဂံခေတ်ကတည်းကပင် “အသံထွက်သည့်အတိုင်း ရေးသားခဲ့ခြင်းမျိုး” မဟုတ်ဘဲ ကိန်းဂဏန်းအရေအတွက်သဘောဆောင်လျှင် “တစ်”၊ ကိန်းဂဏန်းအရေအတွက်သဘောမဆောင်လျှင် “တ” ဟု ခွဲခြားရေးသားခဲ့ကြောင်း ထင်ရှားပါသည်။

ထိုသို့ဆိုလျှင် “ ‘တ’ နှင့် ‘တစ်’ သည် မူလက အခွဲအခြားမရှိ၊ ဦးနေဝင်း အာဏာရှိစဉ်က ပြုစုရန်ညွှန်ကြားခဲ့သော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင်မှ ခွဲခြားသွားခဲ့ခြင်းဖြစ်သည်” ဟူသောအဆိုမှာ မှားယွင်းသောအဆိုဖြစ်ကြောင်း ထင်ရှားလောက်ပါပြီ။ ဦးနေဝင်း အာဏာရှိစဉ်က ရေးသားပြုစုစေသော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင်မှ “တ” နှင့် “တစ်” ခွဲခြားရေးသားစေခြင်း မဟုတ်ဘဲ ပုဂံခေတ်ကတည်းက ရှိခဲ့သည် “အနက်အဓိပ္ပာယ်ကို အခြေခံ၍ ခွဲရေးနည်း” ကို ထိုမြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင် ထိုကျမ်းကိုပြုစုရသည့် မြန်မာဘာသာစကားပညာရှင်များက ထည့်သွင်းခဲ့ခြင်းသာ ဖြစ်သည်။

ထို့အတူ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) က “မြန်မာစာ မြန်မာစကားဝိုင်း” စာမျက်နှာ ၃၄ တွင် - 

“ ‘တစ်၊ နှစ်’ စသည့် ကိန်းဂဏန်းအဓိပ္ပာယ်ဆိုလျှင် ‘တစ်’ ဟု ရေးပါ။ ‘တဝစား၊ တစောင်းအိပ်၊ တပျော်တပါးလာ၊ မိုးတဖြောက်ဖြောက်ရွာ’ စသည်ဖြင့် ကြိယာကို အထူးပြုသော ကြိယာဝိသေသနများမှ ‘တ’ တွေကိုတော့ စမသတ်ဘဲ ‘တ’ ဟု ရေးပါ”

ဟု လမ်းညွှန်ခဲ့ပါသည်။

ထို့ကြောင့် “ကိန်းဂဏန်းအရေအတွက် (၁) သဘော” ဖြစ်လျှင် “တစ်” ဟု ရေးသားရမည်ဖြစ်ပြီး ကိန်းဂဏန်းအရေအတွက် (၁) သဘောမဖြစ်လျှင် “တ” ဟု ရေးသားရမည်ဖြစ်သည်။

ကျမ်းကိုးစာရင်း
————————
၁။ မြန်မာစကား မြန်မာစာ ရုပ်ပုံလွှာ၊ မောင်ခင်မင် (ဓနုဖြူ)၊ ဒုတိယအကြိမ်၊ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ၊ ဓူဝံစာအုပ်တိုက်။
၂။ ရှေးဟောင်းမြန်မာကျောက်စာများ၊ ပထမတွဲ၊ ဦးငြိမ်းမောင်၊ ၁၉၇၂ ခုနှစ်၊ ရှေးဟောင်းသုတေသနဦးစီးဌာန။
၃။ ရှေးဟောင်းမြန်မာကျောက်စာများ၊ တတိယတွဲ၊ ဦးငြိမ်းမောင်၊ ၁၉၈၂ ခုနှစ်၊ ရှေးဟောင်းသုတေသနဦးစီးဌာန။

၄။ မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

Comments

  1. ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒီအကြောင်းကိုသိပေမယ့် အခုလို သက်သေအထောက်အထားနဲ့ မရှင်းပြနိုင်ဘူးဖြစ်နေတာ။

    ReplyDelete
  2. မြန်မာစာကို ဘာသာစကားတစ်ရပ်လို အမြင်နဲ့ စိတ်နဲ့ကိုယ်ပါ နှစ်ပြီး သင်ပေးလို့ ဆရာဦးဝင်းအောင်ကို သိပ်ကျေးဇူးတင်တယ်။ ဆရာ့ကြောင့် ဗမာစာနဲ့ ပက်သက်လို့ မျက်နှာ မငယ်ခဲ့ရဘူး။ ဆရာ့လက်ချာတွေကို ပမြဲသတိရနေမှာပါ။ ဆရာ့စာတွေ ဖတ်ရတော့ ပိုပြီး ချစ်ခင်ကြည်ညို မိပါတယ်။

    ReplyDelete
  3. ကျေးဇူး အများကြီး တင်ပါတယ်

    ReplyDelete

Post a Comment

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

“မြန်မာဝါကျကို မှန်ကန်အောင် ဘယ်လိုဖွဲ့မလဲ (အပိုင်း - ၁)”

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း