မြန်မာဘာသာစကားရှိ ဗျည်းများအကြောင်း (အပိုင်း - ၃)
မြန်မာဘာသာစကားရှိ ‘ဗျည်း’ များအကြောင်း (အပိုင်း - ၃) “မြန်မာဘာသာစကားရှိ ‘ဗျည်း’ များအကြောင်း အပိုင်း (၂)” မှာ ဗျည်းဟာ သူ့ချည်းသက်သက် အသံမထွက်နိုင်ကြောင်း၊ သရကို အမှီပြုမှသာ အသံထွက်နိုင်ကြောင်း၊ မြန်မာဘာသာစကားမှာရှိတဲ့ ဗျည်းသံအရေအတွက်ကို ပညာရှင်အသီးသီးက အမျိုးမျိုးဆိုကြကြောင်း ပြောခဲ့ပါပြီ။ ဗျည်းသံတွေကို စာရေးတဲ့အခါမှာ အသုံးပြုနိုင်ဖို့ သင်္ကေတပြုလိုက်တဲ့အခါ ရလာတဲ့သင်္ကေတ တွေကို ဗျည်းအက္ခရာလို့ခေါ်ပါတယ်။ “မြန်မာဗျည်းအရေအတွက်နှင့်ပတ်သက်၍ ပညာရှင်များ အယူအဆကွဲပြားကြမည်ဖြစ်ပါသည်။ က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ ဇ၊ ဈ၊ ည၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ ယ၊ ရ၊ လ၊ သ၊ သ၊ ဟ၊ ဠ၊ အ ဟူ၍ ဗျည်း သုံးဆယ့်သုံးလုံးရှိသည်ဟူသော အယူအဆမှာ အများနားလည်လက်ခံထားသော အယူအဆဖြစ်ပါသည်။” ဟု ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) က ဆိုပါတယ်။ အထက်ကဖော်ပြခဲ့တဲ့ မြန်မာဗျည်း (၃၃) လုံးထဲမှာ ‘ဂ - ဃ၊ ဇ - ဈ၊ ဋ - တ၊ ဌ - ထ၊ ဍ - ဎ၊ ဒ - ဓ၊ ဏ - န၊ ဗ - ဘ၊ ယ - ရ၊ လ - ဠ’ ဆိုပြီး အသံတူ အရေးကွဲသောဗျည်းတွေ ပါဝင်နေပါတယ်။ အဲဒီဗျည်းတွေဟာ မြန်မာဘာသာစကားမှာ အသံတူအရေးကွဲဗျည်းတွေသာဖြစ်ပေမဲ့ ပါဠိဘာသာစကား မှာတော့ အသံလည်းမတူ အရေးလ...