မြန်မာဘာသာစကားရှိ ဗျည်းများအကြောင်း (အပိုင်း - ၂)
မြန်မာဘာသာစကားရှိ ‘ဗျည်း’ များအကြောင်း (အပိုင်း - ၂)
“မြန်မာဘာသာစကားရှိ ‘ဗျည်း’ များအကြောင်း အပိုင်း (၁)” မှာ ဗျည်းဆိုတာ စကားသံဖြစ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ ‘ပိတ်ဆို့’ ‘တားဆီး’ ခြင်းကို ခံရပြီးမှ ခံတွင်းအပြင်ဘက်သို့ ထွက်ခွင့်ရတဲ့အသံ ဖြစ်ကြောင်း ဆိုခဲ့ပါပြီ။ စကားသံဖြစ်အင်္ဂါတွေရဲ့ ပိတ်ဆို့တားဆီးတယ်ဆိုတာကိုလည်း မြန်မာဗျည်းတွေ ထဲက ‘ပ၊ ဖ၊ ဗ၊ ဘ၊ မ’ တို့ဖြစ်ပေါ်လာပုံနဲ့ သာဓကဆောင်ခဲ့ပါပြီ။
‘ဗျည်း’ ဟာ အသံဖြစ်ပေမဲ့ သူ့ချည်းသက်သက် အသံမထွက်နိုင်ပါ။ ‘သရသံ’ ကို အမှီပြုမှသာ အသံထွက်နိုင်ပါတယ်။ “ဗျည်းသံ၏ အတိုင်းအရှည်သည် တစ်မတြာခေါ် လက်ဖျစ်တစ်တွက် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်ကာလ၏ တစ်ဝက် (မတြာဝက်) မျှသာရှိသည့်အတွက် အလွန်တိုတောင်း သောကြောင့်မိမိဘာသာ အသံမထွက်နိုင်ခြင်းဖြစ်ပါသည်။ ဗျည်းသံမှန်သမျှကို သရသံနှင့်တွဲစပ်မှ အသံထွက်နိုင်ပါသည်” လို့ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)က မိန့်ဆိုထားပါတယ်။
‘က’ ဆိုတဲ့ ဗျည်းသံ ထွက်နိုင်ဖို့ ‘က- ဗျည်း’ ရယ် ‘အ - သရ’ ရယ်ပေါင်းမှသာ အသံထွက်နိုင် ပါတယ်။ ဒါကြောင့် ‘သရ’ နဲ့ မပေါင်းရသေးတဲ့ ‘ဗျည်း’ ကို သင်္ကေတပြု တဲ့အခါ ‘ဗျည်း’ ပေါ်မှာ ‘တံခွန်လွှား’ ပြီး ရေးပါတယ်။
ဥပမာ - ‘က’ ဗျည်း ကို ‘က်’ လို့ ရေးပါတယ်။
က် + အာ = ကာ (‘ကာရံ’ မှ)
ခ် + အို = ခို (‘ခိုလှုံ’ မှ)
ဆိုတာတွေမှာ ‘ဗျည်း’ ဟာ ‘သရ’ နဲ့ ပေါင်းမှ အသံထွက်ကြောင်း တွေ့နိုင်ပါတယ်။
မြန်မာဗျည်း (၃၃) လုံးရှိတယ်လို့ အချို့သောပညာရှင်တွေ ဆိုကြသလို (၃၂) လုံးရှိတယ်လို့ အချို့ သော ပညာရှင်တွေ ဆိုကြပါတယ်။ အချို့သောပညာရှင်တွေကလည်း မြန်မာဗျည်းဟာ (၂၂) လုံးရှိတယ် လို့ ဆိုကြပြန်ပါတယ်။
(ဆက်ရေးပါဦးမည်။)
Comments
Post a Comment