"ဖြင့်" "နှင့်" ပါတဲ့ အသုံးခံပြပုဒ်များအကြောင်း

ဖြင့်နဲ့နှင့်ပါတဲ့ အသုံးခံပြပုဒ်အကြောင်း
---------------------------------------
ဖြင့်နဲ့နှင့်ပါတဲ့ အသုံးခံပြပုဒ် အကြောင်း နည်းနည်းပြောချင်ပါတယ်။
မြန်မာစာ၊ မြန်မာစကားမှာ တစ်ခုခုကိုသုံးပြီး လုပ်ကိုင်ဆောင်ရွက်ရွက်ကြောင်း ပြောဆိုတဲ့အခါ အသုံးပြုရာစကားလုံး နောက်မှာ ကပ်လိုက်ရတဲ့စကားလုံး () လုံးရှိပါတယ်။ အဲဒါတွေကဖြင့်နဲ့နှင့်ပါ။ အသုံးခံပြဝိဘတ်၊ အသုံးခံပြစကားလုံးလို့ ခေါ်ပါတယ်။ ဖြင့်နဲ့ နှင့် ကပ်သုံးထားတဲ့ စကားလုံးကိုတော့ အသုံးခံပြပုဒ်လို့ ခေါ်ပါတယ်။
ဥပမာ -
"ခွေးကို တုတ်ဖြင့် ရိုက်သည်။"
"ကားနှင့် လာခေါ်ပါ။"
ဆိုတဲ့ဝါကျတွေမှာ ခွေးကို ရိုက်ရာမှာ တုတ်ကို အသုံးပြုကြောင်း၊ လာခေါ်ရာတွင် ကားကိုအသုံးပြုရမည် ဖြစ်ကြောင်း ပေါ်လွင်စေသောစကားလုံးမှာဖြင့်နှင့်တို့ဖြစ်ပါတယ်။
ဖြင့်၊ နှင့်နှစ်လုံးအနက် အသုံးမှားနိုင်သော စကားလုံးဟာနှင့်ဖြစ်ပါတယ်။
ဥပမာ -
မောင်ဘသည် တုတ်ဖြင့် မောင်လှကိုရိုက်သည်
ဆိုတဲ့ဝါကျမှာ မောင်ဘဟာ မောင်လှကို ရိုက်ရာတွင် တုတ်ကိုအသုံးပြုကြောင်း ထင်ရှားပေမဲ့
မောင်ဘသည် တုတ်နှင့် မောင်လှကို ရိုက်သည်
ဆိုတဲ့ဝါကျမှာတော့ မောင်ဘဟာ မောင်လှကို တုတ်နဲ့ရိုက်တာလား၊ မောင်ဘဟာ တုတ်နဲ့လာတဲ့ မောင်လှကိုရိုက်တာလား ဆိုတာ မကွဲပြားတော့ပါဘူး။
ဒါကြောင့် အသုံးပြုတဲ့အရာဖြစ်ကြောင်း ပြနိုင်တဲ့ စကားလုံးနှစ်လုံးအနက်ဖြင့်ကိုသုံးရင် အနက်မလွဲနိုင်ပါဘူး။နှင့်ကိုသုံးတဲ့အခါမှာတော့ အနက်လွဲနိုင်ပါတယ်။
ဒါဆိုရင် နှင့်ကို မသုံးရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ သတိထားပြီးသုံးရမှာ ဖြစ်ပါတယ်။
ဥပမာ -
မောင်ဘသည် တုတ်နှင့်မောင်လှကို ရိုက်သည်
လို့ရေးမယ့်အစား
မောင်ဘသည် မောင်လှကို တုတ်နှင့် ရိုက်သည်
လို့ အသုံးခံပြပုဒ်ကို ကြိယာနား ကပ်သုံးလိုက်ရင် အနက်ထွေပြားစရာမရှိတော့ပါဘူး။
အသုံးခံပြစကားလုံးဖြင့်ပါတဲ့ အသုံးခံပြပုဒ်ကို ဝါကျရဲ့ ဘယ်နေရာမှာမဆိုထားသုံးနိုင်ပေမဲ့ အသုံးခံပြစကားလုံးနှင့်ပါတဲ့ အသုံးခံပြပုဒ်ကိုတော့ ကြိယာရှေ့ကပ်သုံးမှသာ ဆိုလိုတဲ့အနက် ထင်ရှားမှာဖြစ်ပါတယ်။
ကိုယ့်လူမျိုးဘာသာစကား၊ ကိုယ့်လူမျိုးစာကို မှန်မှန်ကန်ကန်သုံးနိုင်ကြပါစေခင်ဗျာ။
ကျမ်းကိုးစာရင်း
--------------
၁။ မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။
-----------


Comments

Popular posts from this blog

"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

"ဖက်" နှင့် "ဘက်" အကြောင်း