"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“အုန်း”၊ “အုံး” နဲ့ “ဦး” တို့အကြောင်း
—————————————


မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့်မှားတတ်တဲ့အထဲ “အုန်း”၊ “အုံး” နဲ့ “ဦး” တို့ ပါဝင်ပါတယ်။


ဥပမာ -


“စားကြပါအုန်း” လို့ ရေးရမှာလား၊ “စားကြပါအုံး” လို့ ရေးရမှာလား၊ “စားကြပါဦး” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။


“မင်းဆီကို ငါ လာအုန်းမယ်” လို့ ရေးရမှာလား၊ “မင်းဆီကို ငါ လာအုံးမယ်” လို့ ရေးရမှာလား၊ “မင်းဆီကို ငါလာဦးမယ်” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။




“အုန်း” ကို မြန်မာအဘိဓာန်မှာ -


“အုန်း၊ န - ပင်ဖျားတွင် အလက်များစုဝေးထွက်၍ အရည်ပြည့်အသီးလုံးကြီးများ အခိုင်လိုက်သီးသော ပင်စောက်တစ်မျိုး။”


လို့ အနက်ဖွင့်ပါတယ်။


နာမ်အနက်ဖြစ်ပါတယ်။ အသုံးမှားစရာအကြောင်းမရှိပါ။


ဥပမာ -


“ယခုအချိန်၌ ပင်လယ်ကမ်းခြေတွင် ရေကူး၊ အုန်းရည်သောက်၊ အုန်းသီးစား၍ အေးအေးလူလူနေနိုင်သော ဘဝများရှိသကဲ့သို့ သဘာဝဘေးဒုက္ခကြောင့် မိုးထဲရေထဲတွင် ဆင်းဆင်းရဲရဲအသက်ရှင်နေရသော ဘဝများရှိသည်ကို ကျွနု်ပ်တို့ သတိပြုသင့်လှသည်။”


ဆိုတဲ့ဝါကျကိုကြည့်ပါ။ “အုန်းသီး”၊ “အုန်းရည်” ဆိုတဲ့စကားလုံးတွေမှာ “အုန်း” ကိုသုံးကြောင်း တွေ့နိုင်ပါတယ်။



“အုံး” ကို မြန်မာအဘိဓာန်မှာ -


“အုံး၊ ကြိ ၁ - ခေါင်းကို တစ်စုံတစ်ခုအပေါ်တွင် မှီတင်သည်။ ၂၊ တစ်စုံတစ်ခုကို မီးခဲပြာပူဖြင့် ဖုံးအုပ်သည်။”


“န - လဲမှို့ စသည် သွတ်သွင်းထားသော ခေါင်းမှီတင်စရာ။”


လို့ အနက် (၂) မျိုး ဖွင့်ထားပါတယ်။


အနက် (၁) ကတော့ ကြိယာအနက်ဖြစ်ပါတယ်။ “ ခေါင်းကို တစ်စုံတစ်ခုအပေါ်တွင် မှီတင်” ကြောင်း၊ “တစ်စုံတစ်ခုကို မီးခဲပြာပူဖြင့် ဖုံးအုပ်” ကြောင်း ပြလိုတဲ့အခါ သုံးကြောင်း ဖွင့်ဆိုထားပါတယ်။


ဥပမာ -


“ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး သစ်ခိုးထုတ်သော တရုတ်နိုင်ငံသား (၁၅၅) ယောက်သည် ယခုအချိန်ဆိုလျှင် သူတို့၏ခေါင်းများကို ခေါင်းအုံးပေါ်တွင် အုံးပြီး အေးအေးလူလူ အနားယူနေကြလောက်ပြီဖြစ်သော်လည်း ကျွနု်ပ်တို့ရင်ထဲမှာမူကား နှလုံးသားကို ဖွဲမီးဖြင့် အုံးနေသည့်နှယ် ခံစားနေကြရပေလေ၏။”


“အသုံးမကျသော သမ္မတနှင့် စစ်အစိုးရအဖွဲ့ဝင်တို့၏ လုပ်ရပ်များသည် ပြည်သူတို့နှလုံးသားကို ရှားမီးခဲဖြင့် အုံးနေသည့်နှယ် ဖြစ်နေလေတော့၏။”


“ထိုသူတို့ သေလွန်သော် ငရဲ၌ မီးကျီးခဲပြင်းပြင်းဖြင့် ပြန်၍ အုံး ခံရလိမ့်မည်ဆိုသည်ကို သူတို့သိမှသိပါလေစ။”


ဆိုတဲ့ဝါကျတွေကိုကြည့်ပါ။


ပထမဝါကျမှာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ပြီး သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေဟာ အခုအချိန်မှာ သူတို့ခေါင်းတွေကို ခေါင်းအုံးပေါ်တွင် “မှီတင်” ပြီး အနားယူနေကြပြီဖြစ်ကြောင်း “အုံး” က ပြနေသလို ကျွန်ုပ်တို့နှလုံးသားကို “မီးခဲပြာပူဖြင့် ဖုံးအုပ်” သလို ခံစားနေရကြောင်းကိုလည်း “အုံး” က ပြနေပါတယ်။


ဒုတိယဝါကျမှာ အသုံးမကျတဲ့ သမ္မတနဲ့ စစ်အစိုးရအဖွဲ့ဝင်တွေရဲ့လုပ်ရပ်တွေဟာ ပြည်သူတို့နှလုံးသားကို “ရှားမီးခဲပြာပူနဲ့ ဖုံးအုပ်” သလို ခံစားရစေကြောင်း “အုံး” က ပြနေပါတယ်။


တတိယဝါကျမှာ အဲဒီလူတွေ သေလွန်တဲ့အခါ ငရဲမှာ “မီးကျီးခဲပြင်းပြင်း၊ ပြာပူတို့နဲ့ ဖုံးအုပ်” ခံရလိမ့်မည်ဖြစ်ကြောင်း “အုံး” က ပြနေပါတယ်။


အနက် (၂) က နာမ်အနက်ဖြစ်ပါတယ်။ အသုံးမှားစရာအကြောင်းမရှိပါ။ ခေါင်းမှီတင်စရာ ခေါင်းအုံးကို ဆိုလိုတာဖြစ်ပါတယ်။


ဥပမာ -


“ထိုအချိန်ရောက်ပြီဆိုလျှင် သူတို့သည် သူတို့၏ခမ်းနားသော မွေ့ရာ၊ ခေါင်းအုံး တို့အပေါ်တွင် အေးအေးလူလူအနားယူသကဲ့သို့  အနားယူနိုင်တော့မည်မဟုတ်ချေ။”


ဆိုတဲ့ဝါကျကို ကြည့်ပါ။


“ ခေါင်းအုံး” မှာ “အုံး” ကိုသုံးကြောင်း တွေ့နိုင်ပါတယ်။



“ဦး” ကိုတော့ မြန်မာအဘိဓာန်မှာ -


“ဦး၊ ကြိ - ၁၊ အလျင်စော၍ဖြစ်နှင့်သည်၊ ၂၊ အလျင်စောအောင်လုပ်သည်”


၊ န - ဦးခေါင်းပိုင်း။ ထိပ်ပိုင်း။ ရှေ့ပိုင်း။ အစပိုင်း။ “လှေဦး။ အိမ်ဦး။ နွေဦး။”


၊ စည်း - လေးစားသည့်အနေဖြင့် ယောက်ျားအမည်ရှေ့တွင် ထည့်သွင်းသည့် စကားလုံး။ ၂၊ ရဟန်းဘွဲ့၏ ရှေ့တွင်သုံးသော စကားလုံး။ ၃၊ ဦးလေး၊ ဦးကြီးအရွယ်ယောက်ျားကို ရိုသေသမှုဖြင့် ခေါ်သောစကား။ ၄၊ လူကို ရေတွက်ရာ၌ သုံးသော စကားလုံး။ ၅၊ အလျင် အဦးအနက်ဖြင့် ထောက်ပံ့သော စကားလုံး။”


လို့ အနက် (၃) မျိုး ဖွင့်ဆိုထားပါတယ်။


အနက် (၁) က ကြိယာအနက်ဖြစ်ပါတယ်။ “အလျင်စောပြီးဖြစ်” ကြောင်း၊ “အလျင်စောအောင်လုပ်” ကြောင်း ဖော်ပြလိုတဲ့အခါ သုံးကြောင်း ဖွင့်ဆိုထားပါတယ်။


ဥပမာ -


“လူဖြစ်ဦးလို့ လူကြီးဖြစ်တိုင်း လေးစားစရာမကောင်းကြောင်း ရှင်းရှင်းလင်းလင်းသိမြင်လာအောင် အရာကျသမ္မတက ပြခဲ့လေပြီ။”


“ နိုင်ငံ၏ သဘာဝအရင်းအမြစ်များကို သူ့ထက်ငါဦးအောင် ယူနိုင်ခွင့်ကို ခရိုနီတို့အပြင် အိမ်နီးချင်းနိုင်ငံသားများအားလည်း အသုံးမကျသောစစ်အစိုးရက ပေးခဲ့သည်။”


ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။


ပထမဝါကျမှာ အရာကျသမ္မတဟာ လူအဖြစ် “အလျင်စောပြီးဖြစ်” ကြောင်းကို “ဦး” က ပြနေပါတယ်။


ဒုတိယဝါကျမှာ နိုင်ငံရဲ့သဘာဝအရင်းအမြစ်တွေကို “အလျင်စောအောင်ယူ” နိုင်ခွင့်ကို အသုံးမကျသောစစ်အစိုးရက ခရိုနီများနှင့် အိမ်နီးချင်းနိုင်ငံသားများအား ပေးခဲ့ကြောင်း “ဦး” က ပြနေပါတယ်။




အနက် (၂) က နာမ်အနက်ဖြစ်ပါတယ်။ “ဦးခေါင်းပိုင်း၊ ထိပ်ပိုင်း၊ ရှေ့ပိုင်း၊ အစပိုင်း” ဖြစ်ကြောင်း ဖော်ပြလိုတဲ့အခါ “ဦး” ကို သုံးကြောင်း ဖွင့်ဆိုထားပါတယ်။


ဥပမာ -

“ယနေ့ခေတ်သည်ကား လှည်းဦး၊ လှေဦး၊ အိမ်ဦးတို့တွင်သာမက နိုင်ငံဦးတွင်ပါ ခွေးတို့တက်ထိုင်နေသောခေတ်ကို ကျော်လွန်စပြုသောခေတ် ဖြစ်လေတော့သတည်း။”


“အိမ်နီးချင်းနိုင်ငံသားများကပင် နိုင်ငံဦးပေါ် မစင်တက်ယိုနိုင်သော အခွင့်အရေးရသောခေတ်လည်း ကုန်ခဲ့လေပြီ။”


ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။


ပထမဝါကျမှာ ကျော်လွန်စပြုသောခေတ်မှာ ခွေးတွေတက်ထိုင်နေတဲ့နေရာဟာ “လှည်း၊ လှေ၊ အိမ်” တို့ရဲ့ထိပ်ပိုင်းအပြင် “ နိုင်ငံ” ရဲ့ ဦးခေါင်းပိုင်းမှာပါ ဖြစ်ကြောင်း “ဦး” က ပြနေပါတယ်။


ဒုတိယဝါကျမှာ အိမ်နီးချင်းနိုင်ငံသားများ မစင်တက်ယိုခွင့်ရနေသောနေရာမှာ “ နိုင်ငံ၏ဦးခေါင်း” ပိုင်းမှာ ဖြစ်ကြောင်း “ဦး” က ပြနေပါတယ်။


အနက် (၃) က ပစ္စည်းအနက် ဖြစ်ပါတယ်။ “ (၁) လေးစားသည့်အနေဖြင့် ယောက်ျားအမည်ရှေ့တွင် ထည့်သွင်းသည့် စကားလုံး” ဖြစ်ကြောင်း၊ “(၂) ရဟန်းဘွဲ့၏ ရှေ့တွင်သုံးသော စကားလုံး” ဖြစ်ကြောင်း၊ “(၃) ဦးလေး၊ ဦးကြီးအရွယ်ယောက်ျားကို ရိုသေသမှုဖြင့် ခေါ်သောစကား” ဖြစ်ကြောင်း၊ “(၄) လူကို ရေတွက်ရာ၌ သုံးသော စကားလုံး” ဖြစ်ကြောင်း၊ “(၅) အလျင် အဦးအနက်ဖြင့် ထောက်ပံ့သော စကားလုံး” ဖြစ်ကြောင်း အနက် (၅) မျိုးပြထားပါတယ်။


အနက် (၁)၊ (၂)၊ (၃)၊ (၄) က အသုံးမှားစရာအကြောင်းမရှိပါဘူး။


ဥပမာ -


“ဦးအောင်ဆန်း”၊ “ဦးဥတ္တမ”


ဆိုတဲ့အမည်တွေကို ကြည့်ပါ။


“ဦးအောင်ဆန်း” မှာ ပါတဲ့ “ဦး” ဟာ “ လေးစားသည့်အနေဖြင့် ယောက်ျားအမည်ရှေ့တွင် ထည့်သွင်းသည့် စကားလုံး” ဖြစ်ကြောင်း၊ “ဦးဥတ္တမ” မှာ ပါတဲ့ “ဦး” ဟာ “ရဟန်းဘွဲ့၏ရှေ့တွင်သုံးသော စကားလုံး” ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။




“ဦးကို ကျွန်တော်ပြောလိုတဲ့စကားကတော့ “စစ်အစိုးရအဖွဲ့ဝင်များကို တစ်ဦး၊ နှစ်ဦး စသည်ဖြင့် ရေတွက်ရန်ပင် မသင့်တော်တော့ဘဲ တစ်ကောင်၊ နှစ်ကောင် စသည်ဖြင့် ရေတွက်ရန်သာ သင်တော်ပေတော့၏” ဆိုတဲ့စကားပါပဲခင်ဗျာ။”


ဆိုတဲ့ဝါကျကို ကြည့်ပါ။


ပထမ “ဦး” ဟာ “ဦးလေး၊ ဦးကြီးအရွယ်ယောက်ျားကို ရိုသေသမှုနဲ့ ခေါ်တဲ့စကား” ဖြစ်ကြောင်း၊ “တစ်ဦး၊ နှစ်ဦး” မှာ ပါတဲ့ “ဦး” ဟာ “လူကို ရေတွက်ရာမှာ သုံးတဲ့ စကားလုံး” ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။




အနက် (၅) ကတော့ အသုံးမှားနိုင်ပါတယ်။ “အလျင်အဦးအနက်ဖြင့် ထောက်ပံ့သော စကားလုံး” ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


ဥပမာ -


“အရာကျသမ္မတ၏ လူသားချင်းစာနာထောက်ထားမှု အကျွတ်အလွတ်ပွဲကြီး အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံသားများပို့သသော မေတ္တာများကို ခံယူလိုက်ပါဦး။”


“ထို့အတူ ရေဘေးသင့်ပြည်သူများ၏ မျက်ရည်များကိုလည်း မြိန်ရေယှက်ရေ သောက်သုံးလိုက်ပါဦး။”


“ထို့အတူ အရာကျသမ္မတအနေဖြင့် သမ္မတတာဝန် နောက်တစ်ကြိမ်မထမ်းဆောင်မီ ငရဲသို့ အရင် သွားပါဦး။”


ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။


ပထမဝါကျမှာ သူပြုလုပ်သော လူသားချင်းစာနာထောက်ထားမှု အကျွတ်အလွတ်ပွဲကြီး အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံသားများပို့သသော မေတ္တာကို အရာကျသမ္မတက “အလျင်အဦး ခံယူရန်” ဆိုတဲ့အနက်ပေါ်လွင်အောင် “ဦး” က ထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။


ဒုတိယဝါကျမှာ ရေဘေးသင့်ပြည်သူတွေရဲ့ မျက်ရည်ကိုလည်း “အလျင်အဦးသောက်သုံးရန်” ဆိုတဲ့အနက် ပေါ်လွင်အောင် “ဦး” က ထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။


တတိယဝါကျမှာ အရာကျသမ္မတအနေဖြင့် သမ္မတတာဝန်ကို နောက်တစ်ကြိမ် မထမ်းဆောင်မီ ငရဲသို့ “အလျင်အဦးသွားရန်” ဆိုတဲ့အနက်ပေါ်လွင်အောင် “ဦး” က ထောက်ပံ့ပေးနေကြောင်း တွေ့နိုင်ပါတယ်။




ဒါကြောင့် “အုန်းသီး”၊ “အုန်းပင်” ဆိုတဲ့ နာမ်ပုဒ်ဖြစ်ကြောင်း ဖော်ပြလိုရင် “အုန်း” ကိုသုံးရမှာ ဖြစ်ပါတယ်။


ခေါင်းကို တစ်စုံတစ်ခုအပေါ်တွင် မှီတင်ကြောင်း၊ တစ်စုံတစ်ခုကို မီးခဲပြာတို့ဖြင့် ဖုံးအုပ်ကြောင်း ဖော်ပြလိုရင် “အုံး” ကို သုံးရမှာဖြစ်ပါတယ်။


“စားကြပါဦး၊ မေးကြပါဦး၊ တွေးကြည့်ပါဦး၊ မြည်းကြည့်ပါဦး၊ လုပ်ကြည့်ပါဦး၊ မင်းဆီကို ငါလာဦးမယ်၊ အိမ်ကို အလည်လာဦး” ဆိုတဲ့စကားမျိုးတွေမှာတော့ “အလျင်အဦးအနက်နဲ့ ထောက်ပံ့တဲ့စကားလုံး “ဦး” ကိုသုံးရမှာဖြစ်ပါတယ်ခင်ဗျာ။




ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန်သုံးနိုင်ပါစေခင်ဗျာ။




စာကြွင်း
----------


ကြိ - ကြိယာ


န - နာမ်


စည်း - ပစ္စည်း။




ကျမ်းကိုးစာရင်း
------------------


၁။ မြန်မာသဒ္ဒါ၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။


၂။ ပြည်သူ့အတွက် မြန်မာစကားပြေ၊ မောင်ခင်မင်(ဓနုဖြူ)၊ ဒုတိယအကြိမ်၊ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ၊ ကံ့ကော်ဝတ်ရည်စာပေ။


၃။ ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင်(ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။


၄။ မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

Comments

Popular posts from this blog

"ဖက်" နှင့် "ဘက်" အကြောင်း

"မီ" နဲ့ "မှီ" အကြောင်း

"ကျိတ်"၊ "ကျိပ်"၊ "ကြိတ်" နှင့် "ကြိပ်" တို့အကြောင်း